Showing posts with label ဆောင်းပါးများ. Show all posts
Showing posts with label ဆောင်းပါးများ. Show all posts

Sunday, 11 September 2016

သေတစ်ပန်သက်တဆုံးမပျက်သောမေတ္တာထုံး



"ဖွားဖွားကို ဘာလို့လက်ထပ်ခဲ့တာလဲ ဖိုးဖိုး"

"ဟေ"

အသက်နှစ်ဆယ်ကျော်အရွယ်၊ လူပျိုပေါက်မြေးလေး၏ မထင်မှတ်ထားသောမေးခွန်းက

အဖိုးဖြစ်သူကို ရုတ်တရက်ဖြေစရာစကားမဲ့သွားစေသည်။ မြေးဖြစ်သူကို အနည်းငယ်

စူးစမ်းသလို ကြည့်လိုက်ပြီးမှ---

"ချစ်လို့ပေါ့ကွာ--- ဒါနဲ့ မြေးက ဘာလို့မေးတာလဲ"

"သိချင်လို့ပေါ့ဗျ ဖိုးဖိုးရ---- ဖိုးဖိုးက ဖွားဖွားကို ဘာလို့ချစ်တာလဲ"

"လှလို့ပေါ့ကွာ"

"ဟာ ဒါတော့ မဖြစ်နိင်ဘူးနော်ဖိုးဖိုး---- ဖွားဖွား မလှတာကို သားတို့အားလုံး သိနေတာပဲကို"

"မဟုတ်ဘူးလေ မြေးရဲ့---- မြေးရဲ့အဖွားက ရုပ်မလှဘူးဆိုတာ ဟုတ်တယ်။ ဒါကလည်း သူများ

ရဲ့အမြင်လေ။ ဖိုးဖိုးရဲ့အမြင်မှာတော့ မြေးရဲ့ဖွားဖွားက နတ်သမီးလေးတစ်ပါး အလိုက်ပေးမယ်

ဆိုရင်တောင် မလဲနိုင်တဲ့ အလှဘုရင်မပဲကွ။ ပြီးတော့ မြေးရဲ့ဖွားဖွားမှာ တခြားအလှတရားတွေ

လည်းရှိသေးတယ်။ ဘာသာတရားကို မိရိုးဖလာ အပေါ်ယံသက်သက် ကိုးကွယ်တာမျိုးမဟုတ်ဘဲ

ရင်ထဲကနေ နှစ်နှစ်ကာကာ လက်ခံယုံကြည်ကိုးကွယ်ထားတဲ့ နှလုံးသားအလှတရားလည်း

ရှိတယ်။ လူကြီးမိဘကို ရိုသေကိုင်းရှိုင်းတတ်တဲ့ အမျိုးကောင်းသမီးတစ်ယောက်ရဲ့

မင်္ဂလာအလှတရားလည်း ရှိတယ်။

ကိုယ့်ရဲ့ ကာမပိုင်လင်ယောက်ျားကလွဲပြီး တခြားပုရိသတွေကို စိတ်နဲ့တောင် မယိမ်းယိုင်တတ်

်တဲ့ သစ္စာအလှတရားလည်း ရှိတယ်။ သားသမီး၊ သားမြေးတွေကို ရင်အုပ်မကွာ ပြုစုပျိုးထောင်ပေး

တတ်တဲ့ မိခင်တစ်ယောက်ရဲ့ အတုမရှိတဲ့မေတ္တာအလှတရားလည်း ရှိတယ်။ ပြီးတော့ နှစ်ဖက်

ဆွေမျိုးတွေကို သွေးသားရင်းချာတွေလို ပေးကမ်းစွန့်ကြဲဖို့ ဝန်မလေးတတ်တဲ့ သဒ္ဓါအလှတရား

လည်းရှိတယ်။ ကဲ---ပြောစမ်းပါဦး--- မြေးရဲ့ဖွားဖွားက ဘယ်နေရာမှာ မလှလဲဆိုတာ"

"ဟီးးးး ဖိုးဖိုးပြောမှပဲ ဖွားဖွားရဲ့တန်ဖိုးရှိတဲ့အလှတွေကို မြင်လာတယ်။ အဲဒါဆို---- ဖိုးဖိုးက ကမ္ဘာ

ပေါ်မှာ အလှဆုံး သတို့သမီးကို ပိုင်ဆိုင်ခဲ့တာပေါ့နော်"

"ဟားးဟားးး--- အေးပေါ့ကွာ--- ဖိုးဖိုးအတွက်တော့ မြေးရဲ့ဖွားဖွားက အစားထိုးမရတဲ့ အိမ်ထောင်

ဖက်ကောင်းပေါ့ကွာ"

"ဟုတ်ကဲ့--- သားသိပါပြီဖိုးဖိုး-။ ဖိုးဖိုးကို ဗျူးပြီးပြီဆိုတော့ ဖွားဖွားကို တစ်လှည့်သွားဗျူးဦးမယ်ဗျာ"

"ဟေ----ကောင်းပါ့ကွာ----မြေးရဲ့ဖွားဖွားက မြေးလာမယ်ဆိုလို့ အစားအသောက်တွေ ချက်ပြုတ်

နေတာဆိုတော့ မီးဖိုချောင်မှာရှိနေမှာပေါ့ကွာ---ဝင်သွားလိုက်"

"ဟုတ်ကဲ့ဖိုးဖိုး"

မီးဖိုချောင်ထဲ တန်းဝင်သွားတော့ သားသမီး၊ မြေးများစားဖို့အတွက် တကုတ်ကုတ်နှင့်

ပြင်ဆင်ချက်ပြုတ်ကာ အလုပ်ရှုပ်နေသော ဖွားဖွားကို တွေ့ရသည်။

"ဖွားဖွား"

"ရှင့်----သြော် မြေးလေးရောက်လာပြီကိုး။ မြေးရဲ့ဖိုးဖိုးနဲ့ တွေ့ပြီးပြီလား။"

"ဟုတ်ကဲ့။ တွေ့ပြီးပြီ ဖွားဖွား။ ခုပဲ ဖိုးဖိုးကို အင်တာဗျူးပြီး လာခဲ့တာလေ။ ခုတစ်ခါကတော့ ဖွားဖွား

အလှည့်ပဲ။ သားက သိချင်တာလေးတွေမေးမယ်---- ဖွားဖွားကဖြေပေး"

"မေးလေမြေးရဲ့ ဖွားဖွားသိတာတွေဆို ဖြေပေးမယ်လေ"

"သားက ဖွားဖွားက ဖိုးဖိုးကို ဘာလို့လက်ထပ်ခဲ့တာလဲ ဆိုတာကို သိချင်တာ"

"ဟယ် ကြည့်စမ်း--- ဒီကလေးကတော့ လူကြီးကို ပေါက်ပေါက်ရှာရှာ လာမေးတော့မယ်"

"အာ ဖွားဖွားကလည်း မြေးအဖွားချင်းကို ရှက်နေပြန်ပြီ။ ဖိုးဖိုးက တောင်သားကိုပြောပြပြီးပြီ

နော်။ ဖိုးဖိုးက ဖွားဖွားကိုလက်ထပ်ခဲ့တာ ချစ်လို့တဲ့ဗျ။ ဘာလို့ချစ်လဲ ဆိုတော့ လှလို့ချစ်တာဆို

ပြီး ဖွားဖွားရဲ့အလှတရားတွေကို တစ်ခုချင်း ထုတ်ကြွားလိုက်တာဗျ"

"အမလေးအေ---- ဒီမြေးအဖိုးနှစ်ယောက်ကတော့လေ လိုက်လည်း လိုက်ပါပေတယ်"

"အာ့ဆို ပြောပြတော့လေ ဖွားဖွား---ဖိုးဖိုးကို ဘာလို့လက်ထပ်ခဲ့တာလဲ"

"အင်းးးး ပြောရမယ်ဆိုရင်တော့ မြေးဖိုးဖိုးရဲ့ စည်းစိမ်ဥစ္စာနဲ့ ပညာအရည်အချင်းကြောင့်ပေါ့ကွယ်"

"အမ် ဖွားဖွားကလည်း---- ဖိုးဖိုးက ဒီတစ်သက် ဘယ်ခါတုန်းကချမ်းသာဖူးလို့လဲဗျ။ ပြီးတော့

ဖိုးဖိုးက ဘွဲ့လည်း မရခဲ့ပါဘူး"

"မြေးမသိလို့ပါကွယ်။ မြေးဖိုးဖိုးနဲ့ဖွားဖွား လက်ထပ်တော့မယ် ဆုံးဖြတ်လိုက်တဲ့အချိန်တုန်း

က ဖွားဖွားလက်ထဲကို သူစုထားတဲ့ငွေလေးတွေ လာအပ်တယ်လေ။ အဲဒီငွေလေးတွေက အဖိုး

နဲ့အဖွား အိမ်လေးတစ်ဆောင်ငှားပြီး နေလို့ရလောက်တဲ့အထိတော့ များတာပေါ့။

အဲဒီငွေလေးကြောင့်ပဲ သူ့ကိုလက်ထက်ဖို့ သတ္တိတွေရှိခဲ့တယ်။ အဲဒီငွေလေးကြောင့်ပဲ ဖွားဖွား

တို့ဘဝကို အတူတူစတင်နိုင်မယ်လို့ ယုံကြည်ခဲ့တယ်။ အဲဒီငွေလေးကပဲ ဖွားဖွားနဲ့ ဘာမှသွေး

သားမတော်စပ်တဲ့ သူစိမ်းယောက်ျားတစ်ယောက်ကို တစ်ဘဝလုံးအားကိုးရဲလောက်တဲ့အထိ

တွန်းအားပေးနိုင်ခဲ့တယ်။အဲဒီငွေလေးကပဲ ဖွားဖွားတို့နှစ်ယောက် တူနှစ်ကိုယ်တိုင်ပြည်လေး

တည်ဆောက်ဖို့ အုတ်မြစ်ချနိုင်ခဲ့တယ်လေ။ ပြီးတော့ သူကဖွားဖွားကို

ဘယ်တော့မှ စိတ်မချမ်းသာအောင်လုပ်မယ့်လူမျိုး မဟုတ်ဘူးဆိုတာ ဖွားဖွားက ယုံကြည်ခဲ့

တယ်။ တကယ်လက်တွေ့မှာလည်း ဖွားဖွားကို စိတ်ဆင်းရဲအောင် သူမပြုမူခဲ့ဘူး။

အေးအတူပူအမျှ သဘောထားပြီး အရာရာကို လက်တွဲရင်ဆိုင်ခဲ့တယ်။ သားသမီးတွေကိုလည်း

ဖခင်ကောင်းပီသစွာနဲ့ သွန်သင်ဆုံးမ လမ်းပြပေးနိုင်ခဲ့တယ်။ အဖွားအပေါ်မှာလည်း သစ္စာ

ဖောက်ဖို့မပြောနဲ့ အဖွားက သူ့ကိုခွဲသွားမှာကိုတောင် သေမလောက်ကြောက်တဲ့လူလေ။

အဖွားမကြိုက်တဲ့ အလုပ်တွေဆို သူရှောင်တယ်။ တစ်ခါတစ်လေ အပေါင်းအသင်းတွေနဲ့

အသောက်လေးအစားလေး လုပ်ချင်ရင်တောင် အဖွားကို အရင်ခွင့်တောင်းတတ်တယ်။

အဖွားက ခွင့်ပြုမှ သူသွားခဲ့တယ်။ လောင်းကစားဆိုတာ ဝေလာဝေးပဲ။ သူ့ကိုယ်ပိုင်ခွန်အား

နဲ့ရင်းပြီးရှာထားတဲ့ သူ့ချွေးနည်းစာကလွဲပြီး သူများပိုက်ဆံတွေကို စိတ်နဲ့တောင် မပစ်မှား

တတ်တဲ့သူလေ။ အစစအရာရာ စစ်စစ်စီစီသုံးစွဲတတ်ပေမယ့် မိသားစုအတွက် လိုအပ်လာ

ရင်တော့ အကောင်းဆုံးတွေ မဟုတ်ရင်တောင် ရှိတာလေးနဲ့ အဆင်အပြေဆုံးဖြစ်အောင်

ဖန်တီးဖြေရှင်းပေးတတ်သေးတယ်လေ။ မြေးရဲ့ဖိုးဖိုးကဘွဲ့မရခဲ့ပေမယ့် စာအုပ်စာပေတွေ

တော့ မလွတ်တမ်းဖတ်တယ်လေ။ စာပေက ရတဲ့အသိနဲ့ သူ့အတွေးအခေါ်ကို ဝမ်းစာဖြည့်ခဲ့

တယ်လေ။ အဖွားတို့ကိုလည်း စာဖတ်ချင်စိတ်ရှိအောင်၊ စာပေကို တန်ဖိုးထားတတ်လာအောင်

လေ့ကျင့်ပျိုးထောင်ပေးခဲ့တယ်လေ။ စာဖတ်တော့ အသိဥာဏ်ရှိတယ်။ အသိဥာဏ်ရှိတော့ အမှား

အမှန်ကို ဝေဖန်ပိုင်းခြားတတ်တယ်။ သူကိုယ်တိုင်လည်း မလုပ်သင့်တာကို မလုပ်မိ

အောင် ထိန်းချုပ်နိုင်ခဲ့သလို မိသားစုကိုလည်း လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေအတွက်

ဦးဆောင်လမ်းပြပေးနိုင်ခဲ့တယ်လေ။ သူနဲ့နေရတဲ့ သက်တမ်းတစ်လျှောက်လုံး အဖွားတို့

ကျိကျိတက်မချမ်းသာခဲ့ပေမယ့် စိတ်နှလုံးကတော့ အင်မတန်ကို ငြိမ်းအေးချမ်းသာခဲ့ပါတယ်

မြေးရယ်"

"ဟား----မိုက်တယ်ဗျို့။ ဖိုးဖိုးနဲ့ဖွားဖွားက တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြတော့

အရာရာကို အကောင်းမြင်စိတ်လေးနဲ့ပဲ ရင်ဆိုင်ကြည့်မြင်သွားကြတာပေါ့နော်"

"ဒါပေါ့မြေးရယ်---- ဒီလောကကြီးမှာ ဘယ်အရာကိုမဆို ချစ်တဲ့စိတ်နဲ့သာ ကြည့်မယ်ဆိုရင်

အရာအားလုံးက မြတ်နိုးတန်ဖိုးထားစရာတွေချည်းပဲပေါ့ကွယ်။ မုန်းတဲ့မျက်လုံးနဲ့သာ ကြည့်မိ

မယ်ဆိုရင်တော့ လူလူချင်းတောင် အညှာအတာမရှိ ရက်စက်ချင်တဲ့စိတ်တွေပေါ်လာတတ်

တာပေါ့။ မေတ္တာတရားကိုသာ လက်ကိုင်ထားပြီး နေထိုင်ကြမယ်ဆိုရင် အဖွားတို့မိသားစု၊

အဖွားတို့နိုင်ငံ၊ အဖွားတို့နေထိုင်တဲ့ကမ္ဘာကြီးက သာယာအေးချမ်းနေမှာပေါ့ မြေးရယ်"

"ဟုတ်ကဲ့---- သားမှတ်ထားပါ့မယ်ဖွားဖွား"

Credit: မနောဖြူ


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

ထာဝရအရိပ်ရှင်




မနက်ခင်းတိုင်းရဲ့ အလင်းတံခါးတွေကို ဖွင့်ပေးနေမင်းကြီးလို နွေးထွေးမှုတွေပေးခဲ့တဲ့"မေမေ"

ဖြူစင်ကာသန့်ရှင်း မျှော်လင့်ခြင်းကင်းတဲ့ မေတ္တာရေနဲ့ သားသမီးတွေအပေါ် အစဉ်ပက်ဖြန်း ကိုယ်တိုင်ကတော့
မမောနိုင်မပမ်းနိုင်ဘဲ သားသမီးတွေအတွက်ပဲ အမြဲကြည့် အရိပ်တကြည့်နဲ့ ဖြည့်ဆည်းပေးခဲ့တဲ့"မေမေ"

ကောင်ကင်ပြာပြာကြီးရဲ့အောက်မှာ ဘယ်တော့မှဒူးမထောက် လက်မမြှောက်ဘူး အတွေးနဲ့သားသမီးတွေအတွက် လောကဓံကို တွန်းလှန်၊ ဒုက္ခတွေကို ရင်စည်းခံဝံ့
တဲ့ "မေမေ"

မာကြောရင် ကျောက်စိုင်ကျောက်ခဲပမာ၊ ပျော့ပျောင်းရင်လေပြေလေညှင်းပမာ၊ လိုအပ်ရင် သားသမီးတွေအတွက် ကမ္ဘာမြေကြီးပမာ အခိုင်အမာဖြစ်တည်ပေးတတ်တဲ့"မေမေ"

အားနွဲ့တဲ့မိန်းမသားပေမယ့် သားသမီးအတွက်ဆို ကြုံလာသမျှ အန္တရာယ်ကို ရှေ့တန်းကနေ ဒိုင်းလိုကာရံပြီး ဓါးတစ်စင်းလို ခုတ်ထွင်ရှင်းလင်းဖို့ အားအင်တွေ အရံသင့်ဖြည့်တင်းထားတတ်တဲ့ "မေမေ"

သက္ကရာဇ်တွေ တစ်နှစ်ပြီးတစ်နှစ် ရောယှက်လို့  သားသမီးတွေ လူလားမြောက်လာကြပြီး ရင်ခွင်ကိုစုံကန်ခွင်းကာ ကိုယ်စီဘဝတွေ ထူထောင်ကြကုန်တော့ ----
အလွမ်းတွေနဲ့ ဝေ့သီနေတဲ့ ရင်ခွင်ဟောင်လောင်းက သားသမီးတွေ တစ်ခါတစ်ခေါက်တော့ အိမ်တံခါးကို
လာခေါက်လေဦးမလား မျှော်လင့်ချက်နဲ့အထီးကျန်မှုတွေကို ကြိုးစားဖြေတွေးခဲ့တဲ့"မေမေ"

အသိုက်အမြုံကနေ စွန့်ခွာသွားပေမယ့် လှိုင်းထန်ပြီးလေကြမ်းတဲ့ လောကရဲ့ပင်လယ်ပြင်မှာ သားသမီးတွေ ပင်ပန်းကာ နွမ်းနယ်နေပြီလား ပူပန်အတွေးနဲ့ ဘေးရန်ကင်းပါစေကြောင်း ဘုရားရှေ့မှာ ၀ပ်တွားကာ ဆုတောင်းပေးနေတတ်တဲ့"အမေ"

တကယ်တော့----
အမေဆိုတာ----
အပေးသာရှိပြီး အယူမသိတဲ့၊ အအေးသာရှိပြီး အပူမရှိ
တဲ့ထာဝရမေတ္တာနဲ့ သားသမီးတွေကို အမြဲအရိပ်မိုးပေးနေတတ်တဲ့ သူတွေပါ။

Credit: မနောဖြူ


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Friday, 9 September 2016

နှောင်းနောင်တ




စစ်ပွဲအပြီး အိမ်ကိုပြန်လာရတော့မယ့်စစ်သားလေးက သူ့မိဘတွေဆီကို သူပြန်လာတော့

မယ့်အကြောင်း ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။

"အမေ နဲ့ အဖေ -----သဘက်ခါလောက်ဆိုရင် သားအိမ်ကိုပြန်လာရတော့မယ်"

"ကောင်းတာပေါ့သားရယ်-----အမေတို့ကလည်းသားကိုတွေ့ချင်လွန်းလို့မျှော်နေ

ရတာပဲကွယ်"

"ဟုတ်ကဲ့----သားတစ်ခုတော့ကြိုခွင့်တောင်းပါရစေ။ သားနဲ့အတူ သားသူငယ်ချင်း

တစ်ယောက်ကိုပါ တစ်ခါတည်းခေါ်လာခဲ့ချင်တယ်"

"ခေါ်လာခဲ့လေ သားရဲ့-----သားရဲ့သူငယ်ချင်းက မေမေတို့သားပဲပေါ့"

"သားကအားနာလို့ပါမေမေ----သူကဖြေတစ်ဖက်နဲ့လက်တစ်ဖက်ပြတ်နေတဲ့ ဒုက္ခိ

တ တစ်ယောက်ဖြစ်နေလို့ပါ"

"ဘုရားရေ-----ဒါဆိုရင်တော့ မဖြစ်နိုင်ဘူးသားရေ----ဒုက္ခိတတစ်ယောက်ကို အိမ်ပေါ်ခေါ်

တင်ထားဖို့ဆိုတာလွယ်တာမှတ်လို့။ သူ့ရဲ့ဝေယျာဝစ္စကအစ မေမေတို့ကလိုက်လုပ်

ပေးနေရမှာလေ။ဘာမှအသုံးမကျတဲ့လူပိုတစ်ယောက်ကို ဒုက္ခခံပြီးပြုစုထားဖို့ဆို

တဲ့ သားရဲ့စိတ်ကမိုက်မဲလွန်းလှပါတယ်ကွယ်။သူ့ထိုက်နဲ့သူကံပဲပေါ့။သူ့ဘဝနဲ့သူပဲ

ရှိပါစေသားရယ်----သားတစ်ယောက်တည်းပဲ မေတေို့ဆီပြန်လာခဲ့ပါကွယ်"

"ဟုတ်ကဲ့ ပါမေမေ"

သားဖြစ်သူက စိတ်ပျက်အားလျော့နေတဲ့လေသံဖျော့ဖျော့နဲ့ဖုန်းချသွားခဲ့ပါတယ်။

အဲဒီလိုဖုန်းဆက်ပြီးတော့ သူပြောထားတဲ့သဘက်ခါလည်းရောက်ရော သူ့မိဘတွေ

ဆီ သူတာဝန်ကျရာမြို့ မှ ရဲမှူးကဖုန်းဆက်အကြောင်းပါတယ်။

"ဝမ်းနည်းပါတယ် ခင်ဗျား------လူကြီးမင်းတို့ရဲ့သားဟာသူနေတဲ့ဆေးရုံပြတင်း

ပေါက်ကနေ ခုန်ချပြီးကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့ပါပြီ"

မိဘတွေကကြားရတဲ့သတင်းကြောင့်ဆောက်တည်မရဖြစ်ပြီး သားရှိရာဆီကိုချက်ချင်း

လိုက်လာခဲ့ကြတော့တယ်။ သားရဲ့အလောင်းကိုအတည်ပြုချက်ယူဖို့ရင်ခွဲရုံကိုရောက်

တဲ့အခါမှာ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်မိဘနှစ်ပါးဟာထိတ်လန့်ခြင်း၊ မယုံနိုင်ခြင်း၊

ယူကြုံးမရဖြစ်ခြင်းတွေနဲ့အတူ ဖော်မပြတတ်အောင်ဝမ်းနည်းကြေကွဲသွားကြတော့တယ်။

သူတို့ရှေ့မှာရှိနေတဲ့ သူတို့သားရဲ့သက်မဲ့ရုပ်အလောင်းမှာခြေတစ်ဖက်နဲ့ လက်တစ်

ဖက်ပါမနေခဲ့ဘူးလေ။

••••••••••••••••••••••••••••••••••

(နိုင်ငံခြားWebpage တစ်ခုမှာဖတ်မိခဲ့တဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကိုဆီလျှော်အောင်

ပြန်လည်ရေးသားမျှဝေခြင်းပါ)

Credit : မနောဖြူ


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Monday, 8 August 2016

အရက်သမားသမီး (စာနာခြင်းတစ်ခုရဲ့သင်ခန်းစာအတွက်)



"ရုပ်ပျိုတစ်လုံးလောက်"

အသံကြောင့် စာဖတ်နေရာက သူခေါင်းမော့ကြည့်လိုက်တယ်။ အဝတ်အစား ညစ်နွမ်းနွမ်းနဲ့ ပိန်လှီလှီလူတစ်ယောက် ဆိုင်လှေကားထစ်မှာ ခပ်ယို့ယို့ ရပ်နေတာကို သူတွေ့လိုက်တယ်။ ရုပ်ပျိုအရက်တစ်လုံးကို ကမ်းပေးခိုက် သူ့ဆီက ခပ်စူးစူးအနံ့တစ်ခု သူရလိုက်တယ်။ ပြန်အမ်းငွေကိုပေးရင်း သူ့ကို သူတစ်ချက်ကြည့်လိုက်မိတယ်။ နီကျင်ကျင် ရီဝေဝေ မျက်လုံးတစ်စုံနဲ့ မျက်နှာပေါ်မှာ နေလောင်ကွက်မှန်း၊ ပင်ပန်းတဲ့လက္ခဏာမှန်းမသိတဲ့ အမည်းကွက်နှစ်ကွက်က သူ့ဘယ်ညာပါးနှစ်ဖက်မှာ နေရာယူထားခဲ့တယ်။ အရက်ပုလင်းကို တယုတယကိုင်ပြီး ယိုင်တိုင်တိုင် ခြေလှမ်းနဲ့ လှည့်ထွက်သွားတဲ့ သူ့နောက်ကျောကို သူငေးကြည့်နေခဲ့မိတယ်။

++++++

သူမှတ်မိတတ်စ အရွယ်ကတည်းက အဖေအရက်သောက်ခဲ့တယ်။ ပထမတော့ ကျန်းမာရေးအတွက် အဖေအရက်သောက်တယ်။ နောက်တော့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့တွေ့လို့ သောက်တယ်။ အဲဒီလိုနဲ့ မရေမတွက်နိုင်တဲ့ "နောက်တော့" ပေါင်းများစွာမှာ အရက်ကို အဖေမသောက်ရ မနေနိုင်ဖြစ်သွားခဲ့တယ်။ တစ်ငုံ၊ နှစ်ငုံကနေ တစ်ပက်၊ နှစ်ပက်၊ တစ်ခွက်တစ်ဖလားကနေ တစ်ပုလင်း၊ နှစ်ပုလင်းနဲ့ အဖေ အရက်မသောက်တဲ့ရက် မရှိခဲ့ဘူး။

ထမင်းစားကောင်းအောင်ဆိုပြီး မနက်မိုးလင်းတာနဲ့ အရက်သောက်တတ်တဲ့ အဖေကြောင့် အမေထမင်းစားမဝင်ခဲ့ဘူး။ အိပ်ကောင်းအောင်ဆိုပြီး အရက်သောက်တဲ့အဖေကြောင့် အမေအိပ်မပျော်ခဲ့ဘူး။ အလုပ်ပင်ပန်းတာကို အကြောင်းပြပြီး အရက်သောက်တဲ့အဖေကြောင့် အမေစိတ်ပင်ပန်းခဲ့ရတယ်။ အနေရိုးတဲ့အဖေ၊ စကားများများ သိပ်မပြောတတ်တဲ့အဖေ အရက်များများဝင်တော့ စကားများများ ပြောလာခဲ့တယ်။ အရက်မူးရင် မရိုက်တတ်ပေမယ့် အကြောင်းမရှိ အကြောင်းရှာပြီး တစ်ဗျစ်တောက်တောက် အမေ့ကို ရန်ရှာလာခဲ့တယ်။

ငယ်ငယ်တုန်းက အဖေအရက်သောက်တာနဲ့ပတ်သက်ပြီး သူဘာမှ မခံစားခဲ့ရပေမယ့် အပျိုဖော်ဝင်တော့ သူရှက်တတ်လာခဲ့တယ်။ ဆွေမျိုးတွေကြားမှာ "အရက်သမားသမီး... အရက်သမားသမီး" လို့ အခေါ်ခံရတာကို သူရွံ့မုန်းလာခဲ့တယ်။ မျက်ထောင့်နီကြီးနဲ့ အမြဲတမ်းအရက်နံ့ရနေတဲ့ အဖေကို "ဒါ..ကျွန်မအဖေပါ" လို့ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးရတာကို သူသိမ်ငယ်လာခဲ့တယ်။

တစ်ခါတလေ အမှားအမှန်မခွဲခြားဘဲ ထစ်ခနဲ့ဆို ဒေါသထွက်ရန်လိုတတ်တဲ့ အဖေကိုကြည့်ပြီး ပညာတတ်ကျောင်းဆရာဖြစ်ခဲ့ဖူးတဲ့ အဖေ့ဦးနှောက်တွေ၊ အသိဉာဏ်တွေ အရက်နဲ့ဆေးကြောခံလိုက်ရလို့ သူနှမြောခဲ့မိတယ်။ အဖေ့ကို အရက်ဖြတ်ဖို့ ဆေးကောင်းဝါးကောင်းတွေ အမေဝယ်ခဲ့တာလည်း အကြိမ်မနည်းခဲ့ပါဘူး။ အဖေသာအရက်ဖြတ်ရင် အမေ ဘာမဆို လုပ်ပေးမယ်လို့ အားပေးခဲ့လည်း အချည်းနှီးသာဖြစ်ခဲ့တယ်။

အမေမသိအောင် အရက်တွေကို စပါးကြားမှာရောဖွက်ပြီး အဖေခိုးသောက်ခဲ့တယ်။ ဒါကို သူသိပေမယ့် အမေကို ပြောမပြရဲခဲ့ဘူး၊ အဖေကိုလည်း မတားရဲခဲ့ဘူး။ စပါးကျီမှာ အမေသိမ်းထားတတ်တဲ့ ပိုးသတ်ဆေးတွေနဲ့ အဖေမှားမသောက်မိဖို့ဘဲ သူဆုတောင်း ခဲ့မိတယ်။

အစာစားကောင်းအောင်ဆိုပြီး အရက်သောက်တတ်တဲ့အဖေ နောက်ဆုံးမှာ အရက်ကြောင့် အစာစားစရာတောင် မလိုခဲ့ဘူး။ ပင်ပန်းလို့ အရက်သောက်တယ်ဆိုတဲ့အဖေ နောက်ဆုံးမှာ အားအင်ကုန်ခမ်းပြီး ချိနဲ့လာခဲ့တယ်။ နှစ်ရှည်လကြာ အရက်နဲ့အစိမ်ခံထားရတဲ့ အစာအိမ်က သွေးကြောတွေပေါက်ပြဲပြီး နောက်ဆုံးမှာ အဖေသေဆုံးခဲ့ရတယ်။

+++++++++++++++++ ++++++++++++++

"ရုပ်ပျိုတစ်လုံးလောက်"

စာဖတ်နေရာက သူခေါင်းထောင်ကြည့်လိုက်တယ်။ မနေ့က အရက်လာဝယ်သူကို သူတွေ့လိုက်ပြန်တယ်။ အဝတ်အစားနဲ့ပုံစံက မနေ့ကအတိုင်းပဲ။ သူလာဝယ်တဲ့ "အသက်ရှည် ရုပ်ပျိုအားတိုးအရက်" က သူ့ရုပ်ကို မနုပျိုစေခဲ့သလို အားတိုးအောင်လည်း စွမ်းနိုင်ခဲ့ပုံမရဘူး။ အရက်နဲ့ငွေကို လဲယူပြီး စကားတစ်ခွန်းကို သူမရဲတရဲ စလိုက်တယ်။

"ဦး... ဒီအရည်တွေကို အများကြီးသောက်ရင် မကောင်းဘူး။ အသည်းကို ထိခိုက်တတ်တယ်။ ကျန်းမာရေး ထိခိုက်တတ်တယ်.. နောက်ပြီး..."

"အင်း... အင်း... ဟုတ်ကဲ့"

"အရက်သမားကို ဘာတွေသွားပြောနေလဲ"

နောက်ဖေးက ထွက်လာတဲ့ အစ်မကြောင့် သူစကားဖြတ်လိုက်တယ်။

"ဘာမှမဟုတ်ပါဘူး... အရက်တွေ သိပ်မသောက်ဖို့ ပြောနေတာ"

"အော်... ငါက အရက်ရောင်းတယ်။ နင်က အရက်လာဝယ်တဲ့သူကို အရက်မသောက်ဖို့ သွားပြောနေတယ်...."

အစ်မအပြောကို နှုတ်ဆိတ်ခြင်းနဲ့ သူတုန့်ပြန်လိုက်တယ်။ ပုလင်းကို အသေချာ ဆုပ်ကိုင်ပြီး တရွေ့ရွေ့ထွက်သွားတဲ့ သူ့နောက်ကျောကို သူငေးကြည့်မိပြန်တယ်။

အိုး.. အဖေ့နောက်ကျောပုံရိပ်နဲ့ တစ်ပုံစံတည်းပါလား....

Credit - ‎နိုင်းနိုင်းစနေ‬ 


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Friday, 5 August 2016

အထင်နှင့်အမြင်



တခါက ဆင်းရဲသားရပ်ကွက် ထဲကို အပျိုကြီးတစ်ယောက် အိမ်ပြောင်းလာတယ် ။ သူပြောင်းလာတဲ့ အိမ်ဘေး ကပ်ရပ်မှာ ဆင်းရဲနုံချာတဲ့မိသားစုလေးတစု ရှိပါတယ် ။ မုဆိုးမတစ်ယောက်နဲ့ သူ့ကလေးနှစ်ယောက်ပေါ့..

အပျိုကြီးက "မတတ်နိုင်ဘူးလေ..ဒီနေရာရောက်မှတော့..

ဒီလိုလူမျိုးတွေနဲ့ ပတ်သတ်ရဦးမှာပေါ့.." 

လို့ သူ့ဘာသာတွေးပြီး စိတ်ပျက်သွားမိတယ်။

အဲ့ညမှာပဲ ထုံးစံအတိုင်း ရပ်ကွက်မီးက ရုတ်တရက် ပျက်သွားခဲ့တယ်။ မီးပျက်တော့ အမျိုးသမီးက ဖယောင်းတိုင်ထွန်းဖို့ သူ့ဖယောင်းတိုင်ထုပ်ကိုလိုက်ရှာတာပေါ့ .. 

ခဏနေတော့ သူရှာတွေ့သွားတယ်..

တွေ့ပြီးတော့ သိပ်မကြာပါဘူး… တစ်စုံတစ်ယောက်က သူ့အိမ်တံခါးလာခေါက်တာကို ကြားလိုက်မိတယ်။

တံခါးဖွင့်ကြည့်တော့ ဘေးအိမ်က ကလေးငယ်

တစ်ယောက်က စိတ်လှုပ်ရှားတဲ့အသံနဲ့ “အန်တီ..

အန်တီတို့အိမ်မှာ ဖယောင်းတိုင်ရှိလား” လို့ မေးလိုက်တယ်။

အမျိုးသမီးက "အင်း.. ဆင်းရဲလွန်းလို့ ဖယောင်းတိုင်တောင် 

မဝယ်နိုင်ပါလားနော် ... ဒါပေမယ့် ခဏခဏ လာတောင်းနေ

မှာစိုးရတယ်။ ပေးလို့မဖြစ်ဘူး..” လို့တွေးပြီး “မရှိဘူး” 

လို့ အသံမာမာနဲ့ အော်ပြီး တံခါးပိတ်ဖို့ ပြင်လိုက်တယ်။

အဲဒီအချိန်မှာ ကလေးငယ်က ပြုံးပြီး “ထင်သားပဲ ... အန်တီက 

အခုမှ အိမ်ပြောင်းလာတာဆိုတော့ ဖယောင်းတိုင် မပါလောက်

ဘူးဆိုပြီး မှောင်မဲမဲထဲမှာ အန်တီကြောက်နေမှာစိုးလို့ သမီးက ဖယောင်းတိုင် 

လာပို့တာ” လို့ပြောပြီး အဖာတွေထပ်နေတဲ့အင်္ကျီအိတ်ထဲက

ဖယောင်းတိုင်လေးကို ထုတ်ပေးလိုက်တယ်။

အမျိုးသမီးကတော့ ကိုယ့်ကိုယ်ကို ရှက်မိပြီး 

ဘာမှပြန်မပြောနိုင်အောင် ဆွံ့အသွားခဲ့တယ်။

ကိုယ့်ထက်သာ မနာလို၊

ကိုယ့်ထက်နိမ့်ပါးသူအား နိမ့်ချဆက်ဆံသူ

အဖို့ကတော့ အထင် နဲ့ လက်တွေ့အမြင်ဟာ လွဲချော်နေမှာပါ။

လူပီသဖို့ ရုပ်လှဖို့ထက် စိတ်လှဖို့အရေးကြီးတယ်။

ငွေချမ်းသာဖို့ထက် စိတ်စေတနာချမ်းသာဖို့အရေးကြီးတယ်။

ချမ်းသာပေမယ့် ယူသောလက်ဖြစ်နေတတ်တယ်။

ဆင်းရဲပေမယ့် ပေးသောလက်လဲ ဖြစ်နိုင်တယ်။

ပေးသောလက်ဖြစ်ဖို့ ငွေချမ်းသာဖို့မလိုဘူး၊

မြင့်မြတ်တဲ့စိတ်ထား ရှိဖို့သာလိုတယ်။

မြင့်မြတ်သောစိတ်အသိဥာဏ်ပညာမပါပဲ ပိုင်ဆိုင်မှုတွေ 

များသထက် များပြားလာသူတချို့မှာ

ကိုယ်ချင်းစာတရားတွေ ခေါင်းပါးလာကြတယ်...

ဂရုဏာတရားတွေ ပျောက်ကွယ်လာကြတယ်...

သံသယမျက်လုံးတွေနဲ့ ကြည့်တတ်လာကြတယ်...

လူသားအချင်းချင်း ပုံမှန်ဆက်ဆံရေးတွေ 

ကွယ်ပျောက်လာတတ်ကြတယ်...။

Credit : Original Uploader

စာဖတ်ခြင်းဖြင့် ပညာ ဗဟုသုတ တိုးပွားနိုင်ကြပါစေ ...


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Thursday, 4 August 2016

မြန်မာမိန်းကလေးတွေကိုစိတ်ချလုံခြုံမှုပေးကြပါစို့



   

မြန်မာမိန်းကလေးတွေကို စိတ်လုံခြုံမှု ပေးကြပါစို့လို့ ခေါင်းစဉ်တပ်လိုက်တော့ လက်ရှိ မြန်မာမိန်းကလေးတွေရဲ့ဘဝဟာ စိတ်လုံခြုံမှု မရရှိကြလို့လားလို့ မေးစရာရှိပါတယ်။ တကယ်တော့ မြန်မာမိန်းကလေးတွေဟာ စိတ်လုံခြုံမှု မရရှိခြင်းအပေါ်မှာ အသားကျသွားခဲ့ရတာပါ။ လူနေမှုအဆင့်အတန်းနိမ့်ကျလို့ ၊ ကျယ်ကျယ်ပြန့်ပြန့် ပညာပေးနိုင်မှုမရှိလို့ ၊ ပတ်ဝန်းကျင်အသိုင်းအဝန်းမှာ စိတ်ဓါတ်အဆင့်အတန်း အောက်ကျသူတွေရှိနေလို့ ၊ နေ့စဉ်လှုပ်ရှားမြင်တွေ့နေတဲ့ ဒီမြင်ကွင်းတွေဟာ ဖြစ်နေကျလို ဖြစ်သွားတဲ့အခါ ကိုယ်တိုင် စိတ်လုံခြုံမှုမရှိမှန်းတောင် မသိနိုင်တော့တဲ့ အခြေအနေကို ရောက်သွားခဲ့တာပါ။

ကျွန်မ ၆နှစ် ၊ ၇နှစ် ဝန်းကျင် အရွယ်လောက်အထိ အိမ်မှာဧည့်သည်လာရင် ၊ သူတို့က ကိုယ့်ကို လာပါဦးဆိုတိုင်း လူကြီးတွက အတင်းသွားခိုင်း ၊ ထိုင်ခိုင်းခဲ့ဖူးတယ်။ အမျိုးသမီးတွေရင်ခွင်ထဲနဲ့ ပေါင်ပေါ်ရောက်နေရင် ဘယ်လိုမှ မခံစားခဲ့ရပေမယ့် အမျိုးသားတွေရဲ့ပေါင်ပေါ်ထိုင်ရမှာ မနှစ်မြို့စိတ်တွေဝင်လို့ ပေကပ်ကပ်လုပ်တိုင်း အဆူခံခဲ့ရဖူးတယ်။ လူကြီးခေါ်ရင်သွားရမှာကို မနာခံလို့ မယဉ်ကျေးတဲ့ ကလေးမအဖြစ်အမြဲဆူခံထိတယ်။ ဆိတ်ခံထိတယ်။ ဒါပေမယ့် ကိုယ့်ပေါင်ပေါ်တင်ထားပြီး သူ့ပေါင်ကြားကဟာ လှုပ်စိလှုပ်စိလုပ်ပြနေပါတယ်လို့ ကျွန်မ ဘယ်သူ့ကိုမှ မပြောရဲဘူး။ ပြောရကောင်းမှန်းလည်း မသိဘူး။ အမျိုးသားတွေရဲ့ပေါင်ပေါ်မထိုင်ချင်တာပဲသိခဲ့တာ။ ဒါတွေရဲ့တရားခံဟာ ဘယ်သူလဲ။

အလယ်တန်းအရွယ်မှာ ကျူရှင်သွားတော့ အိမ်နဲ့သိပ်မဝေးတာမို့ ဒီလိုပဲ သူငယ်ချင်းပါပါ ၊ မပါပါ တစ်ယောက်တည်း အသွား ၊ အပြန် လုပ်ခဲ့ရတာတွေရှိတယ်။ လူသွားလမ်းကြား ခပ်ကျဉ်းကျဉ်းထဲ မီးရောင်မရှိသလောက် ဖြစ်နေချိန်မှာ အစ်မအရွယ်အပျိုတစ်ယောက်ကို လူပျိုတစ်ယောက်က ချစ်လို့ပါ ဒီစာလေးယူသွားပါ ၊ မယူရင် လမ်းမဖယ်ဘူးလို့ အတင်း လမ်းပိတ်ရပ်ပြီး စာပေးတာမြင်ရတော့ ကိုယ်က ငယ်သေးပေမယ့် ဒီအဖြစ်ကြီးကို မနှစ်မြို့လိုက်တာ။

အစ်မကြီးမျက်နှာက စိတ်ရှုပ်ပြီး အားကိုးရာမဲ့နေသလို ကိုယ့်နောက်ကအတင်းလိုက်ပြီး ပိတ်နေသူကိုဖယ်ခွါ ခရီးဆက်ဖို့ကြိုးစားပေမယ့် တဘက်အမျိုးသားက အတင်းလက်မောင်းဆွဲထားတာမြင်တော့ အဲဒီလူကို လွယ်အိတ်နဲ့ ထုရိုက်ချင်စိတ်တွေ တဖွားဖွားဖြစ်လို့လာခဲ့ဖူးတယ်။ ဒါပေမယ့် မလုပ်ရဲခဲ့ဘူး ၊ လူကြီးတွေကို ကြောက်တတ်တဲ့ စိတ်အခံလေးကရှိနေခဲ့တော့ သွားချင်သူနဲ့ အတင်းတားပြီး ရည်းစားစာပေးနေသူကို ကိုယ်နဲ့မဆိုင်သလိုထားခဲ့လိုက်ရတာ။ စိတ်ထဲမှာတော့ အခုထိ ဒီအဖြစ်အပျက်လေး မြင်ယောင်နေတုန်း။

အဖော်မပါဘဲ အပြင်သွားတဲ့ အစ်မကြီးအပြစ်လို့ တခြားသူတွေဆိုနိုင်ပေမယ့် ည(၈)နာရီဝန်းကျင်ဆိုတဲ့အချိန်ဟာ အလယ်တန်းအရွယ်မှသည် အရွယ်ရောက်သူတိုင်း အဖော်မပါဘဲအပြင်ထွက်တာ မထူးဆန်းဘူးလို့ နိုင်ငံရပ်ခြားရောက်မှ သိလာတယ်။ ထူးဆန်းနေတာက မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ မှောင်ရီပျိုးပျအချိန် အပြင်ထွက်ရင် ၊ ည(၉)နာရီ (၁၀)နာရီကျော် ညဥ့်နက်ချိန်လို့   အများသတ်မှတ်ချိန် အပြင်မှာရှိနေရင် မဟုတ်တဲ့မိန်းကလေးအဖြစ် ကြည့်မြင်တွေးထင်နေတာပါပဲ။

ညခင်းမပြောနဲ့ နေ့လည်ခင်းတွေမှာလည်း နှမချင်းမစာနာတဲ့သူတွေက မသိနားမလည်တဲ့ အပျိုပေါက်အရွယ်တွေကို ပစ်မှတ်ထားတယ်ဆိုတာ ကိုယ်တွေ့နဲ့ရင်း ပြောရဦးမယ်။ မနက်တိုင်း ဆွမ်းခံတဲ့ကိုယ်တော်တွေကို ဆွမ်းလောင်းရမယ့်တာဝန် ကျောင်းပိတ်ရက်တိုင်း ကျွန်မ ယူရတယ်။ အိမ်ရှေ့ရပ်ဆွမ်းခံတဲ့ကိုယ်တော်တွေကို ဆွမ်းလောင်းရတာပါ။ အိမ်ထဲထိတော့ ဝင်ဆွမ်းခံတာမျိုးမရှိပါဘူး။ တခြားကိုယ်တော်တွေ ဆွမ်းလောင်းရတာ ကြည်နူးပေမယ့် ဆွမ်းလောင်းတိုင်း ငှက်ပျောသီးတစ်လုံးကို သင်္ကန်းအတွင်းဖက်က နှိုက်နှိုက်ထုတ်ပေးတဲ့ သက်တော်ငါးဆယ်ဝန်းကျင်ဘုန်းကြီးကို စိတ်ထဲသိပ်ဘဝင်မတွေ့ခဲ့ဘူး။

တခါတလေ ဆွမ်းခွက်တွေကမ်းပေးတဲ့ ကိုယ့်လက်ကို မတော်တဆထိသလိုလိုနဲ့ တို့တို့ထိထိ လုပ်တတ်သေးတယ်။ ငှက်ပျောသီးမကြိုက်လို့ မယူပါရစေနဲ့ပြောလည်း အတင်းပေးတတ်တယ်။ သူ့ကျောင်းကဘယ်မှာ ၊ အတင်းလာလည်ပါ ၊ တယောက်တည်းလာခဲ့ပါလို့လည်း လူလစ်ရင်မိန့်တတ်သေးတယ်။ အိမ်ကိုပြန်ပြောပေမယ့် လူကြီးတွေက တဟားဟားပွဲကျလို့ ကိုယ့်ပြန်နောက်ခံထိသေးတယ်။ အနားမှာအမြဲမရှိတဲ့ ကိုယ့်မိဘကိုတော့ မပြောရဲခဲ့ဘူးလေ။

အလယ်တန်းကျောင်းသူဘဝတုန်းက အိမ်နားကဈေးကို နေ့ခင်းဘက် အိမ်ကခိုင်းတဲ့မုန့်သွားဝယ်ချိန် ရပ်နေတဲ့အမျိုးသားနှစ်ယောက်ထဲက တစ်ယောက် ကျွန်မအနားကပ်လာခဲ့ပြီး ညီမတစ်ခုလောက် ကူညီနိုင်မလားလို့ ကောင်းကောင်းမွန်မွန်မေးလာတော့ ဘာကူညီရမှာလဲပေါ့။ အစ်ကို့ညီမက အစ်ကို့ကို ဈေးထဲကပစ္စည်းမှာလိုက်လို့ အဲဒါ ဘယ်အရွယ်အစားဝယ်ရမှန်းမသိဖြစ်နေတာတဲ့။ မရိုမသေ ညီမအတွင်းခံဆိုဒ်နံပါတ်က ဘယ်လောက်လဲတဲ့။ အစ်ကို့ညီမက ညီမနဲ့အရွယ်မတိမ်းမယိမ်းမို့ပါတဲ့။ စိတ်ထဲ အဲလိုလာမေးရမလား ရှက်သွားပေမယ့် ဆိုင်ကို ကိုယ့်ညီမအသက်ပြောပြီး မေးဝယ်လိုက်ပါလို့ပြောတော့ မဟုတ်ဘူး ညီမရဲ့ဆိုဒ်လောက်ရှိလို့ လက်နဲ့တိုင်းကြည့်လို့ရမလားဆိုပြီးလက်ရှေ့တိုးလာတော့ ကျွန်မ ချာခနဲလှည့်ပြေးတော့တာပေါ့။ အိမ်ရောက်မှအသက်ကောင်းကောင်းရှူ ရဲတယ်။ ရှက်လို့ အိမ်ကိုတော့ ပြန်မပြောပြဖြစ်တော့ဘူး။

ကိုယ်ပိုင်ကားပေါ်ကမဆင်းဖူးတဲ့ အမျိုးသမီးလေးတွေကလွဲရင် ဘတ်စ်ကားကြပ်ကြပ်တိုးဖူးတဲ့ မြို့နေမိန်းကလေးတွေ ၊ အမျိုးသမီးတွေ ကားပေါ်က ထောက်လှမ်းရေးနဲ့တော့ ကြုံဖူးကြမှာပဲ။ ကျွန်မ ခုနှစ်တန်းကျောင်းသူအရွယ်က (အဲဒီတုန်းက ခုနှစ်တန်းကျောင်းသူတွေက ထုပ်ဆီးတိုးလို့ကောင်းတုန်း ၊ ယောကျာ်းလေးတွေနဲ့ ဘောလုံးဝိုင်းကန်တုန်းအရွယ်ပါ။ ခုခေတ်လို ဟိုအကြောင်း ၊ ဒီအကြောင်းတွေ စိတ်ဝင်စားရမှန်း မသိသေးတဲ့ ဟိုဘက်ခေတ် အပျိုပေါက်အရွယ်ပါ။)

ကျောင်းကားနဲ့မပြန်ရတဲ့တနေ့ အိမ်နားရောက်မယ့် (ဗိုက်ပူ)ဘတ်စ်ကားပေါ်မှာမတ်တပ်ရပ်စီးလာရင်း ပြတင်းပေါက်နားရောက်လာတော့ ခါးလေးကုန်း ပြတင်းပေါက်အပြင်ဘက် ခေါင်းထုတ်လို့ ဘာမှအာရုံမထားမိဘဲ ပတ်ဝန်းကျင်ငေးကောင်းနေတုန်း ကိုယ့်နောက်ဘက်နားက မာမာကြီးကို တယောက်ယောက်ရဲ့ လက်ကိုင်ထီးလို့ပဲ ထင်မိခဲ့တာ။

“မင်း နှမသားချင်းမစာနာ ကျောင်းသူလေးကို ထောက်နေရလား ၊ ငါလုပ်လို့သေတော့မယ်” လို့ ဒေါသတွေရှူးရှူးရှဲရှဲထွက်နေတဲ့ ဦးလေးကြီးက ကျွန်မနောက်မှာရပ်နေတဲ့ မျက်နှာခပ်နီနီ အမျိုးသားတစ်ယောက်ကို အော်တော့မှ ကျွန်မလည်း ဘာဖြစ်တာလဲလို့ လှည့်ကြည့်လိုက်တာ အနီးဝန်းကျင်က မျက်လုံးတွေက ကျွန်မဆီမှာ ဘာလို့ကြည့်နေကြမှန်းတောင် ချက်ချင်းမသိနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီအကြည့်တွေကိုတော့ ရှက်မိခဲ့တယ်။ ရှက်ရှက်နဲ့သေချာစဉ်းစားမိတော့မှ ငါကိုယ်တိုင် အနောက်က ထောက်ခံထိခဲ့တာပါလားလို့ လူကြီးတွေပြောစကား အမှတ်တမဲ့ကြားဖူးတာနဲ့ လက်တွေ့ကြုံရတာ ဆက်စပ်မိတော့တယ်။

ဒီလူကတော့ ရပ်တဲ့မှတ်တိုင်မှာ ဒရောသောပါးဆင်းသွားပေမယ့် ကျွန်မက ဆင်းလည်းမဆင်းရဲ ၊ ဒီမျက်ဝန်းတွေအောက်ကလည်း လွတ်ချင်ချင်နဲ့ ငိုချင်စိတ်တွေကြီးစိုးရင်း အိမ်ရောက်လာခဲ့ဖူးတယ်။ မသိနားမလည်လို့ အနေမတတ်ခဲ့တဲ့ အလယ်တန်းအကျောင်းသူအရွယ် ကျွန်မကမှားသလား ၊ နှမသားချင်းမစာနာ ထောက်နေတဲ့သူကမှားသလား ။ အဲတုန်းက ကျွန်မ မဝေခွဲတတ်ခဲ့ဘူး။

အသက် နှစ်ဆယ်ကျော်အရွယ်လောက်မှာ အလုပ်ဆင်းနေပြီ။ အလုပ်က ကားဖယ်ရီရှိတယ်။ တနေ့ အလုပ်တွေတအားကျလို့ အချိန်ပိုဆင်းခဲ့ရတာ ည(၁၀)နာရီကျော်မှ အလုပ်ကကားနဲ့ ကိုယ့်တစ်ယောက်တည်း အိမ်ပြန်ပို့ပေးတယ်။ ဖြစ်ချင်တော့ သမိုင်းလမ်းဆုံနားမှာ ကားပျက်တယ်။ ကားပြင်နေတာ ကားထဲထိုင်စောင့်ရင်း ည(၁၁)နာရီနီးပါးရောက်လာတော့ ကားကဘယ်အချိန်မှ ပြန်ရမယ်မသိ ၊ ကားဒရိုင်ဘာနဲ့ ကိုယ်နှစ်ယောက်တည်းလည်း ဖြစ်မနေချင် ၊ အရမ်းညဥ့်နက်သွားမှာလည်းစိုး ၊ ကိုယ်တစ်ယောက်တည်းနဲ့ တက္ကစီငှါးပြီးတော့လည်း မပြန်ရဲနဲ့ အတော်ဒုက္ခတွေ့တုန်း ကုမ္ပဏီကားဒရိုင်ဘာက နီးနီးနားနား သမိုင်းလမ်းဆုံအထိ သူခြေလျင်လိုက်ပို့ပေးခဲ့တယ်။

အများနဲ့ အများသုံးကားပေါ်စီးတာပဲ။ တခုခုဆို အော်လိုက်မယ်လို့ အရဲကိုးရင်း သမိုင်းလမ်းဆုံကားဂိတ်မှာ ကားစောင့်နေတုန်း နင်ရွာက အေးဘုံမဟုတ်လား ၊ ညဥ့်နက်သန်းခေါင် ဘာလုပ်နေတာလဲ ၊ နင့်အမေနဲ့တိုင်မယ် ၊ လာအိမ်ပြန်လိုက်ခဲ့ဆိုပြီး ကိုယ့်ကို ဆုံးမသလိုလိုနဲ့ ဦးလေးကြီးတစ်ယောက်က ကျွန်မလက်ကို အတင်းဆွဲပြီး ကားဂိတ်ကဝေးရာကို ဆွဲခေါ်ပါရော။ ကျွန်မလည်း အတော်လန့်သွားခဲ့ပြီး သူဆွဲတဲ့နောက် ယက်ကန်ယက်ကန်ဖြစ်နေတဲ့ ကျွန်မက သူဆွဲနေတဲ့လက်တွေကို အတင်းဖြုတ်ဖို့ကြိုးစားပေမယ့် သူ့အားနဲ့ဖြုတ်မရ ၊ အေးဘုံမဟုတ်ဘူးလို့ ကိုယ်ပြောတဲ့စကားလည်း သူတရပ်စပ် ဆူဆူပြောပြောလုပ်နေတဲ့စကားကို မဖုံးနိုင်နဲ့ အတော် အကျပ်ရိုက်သွားခဲ့တယ်။

ဒါပေမယ့် လူတွေနဲ့ဝေးတဲ့နေရာ သူဆွဲခေါ်ရာသာပါသွားရင် ပိုခက်မယ်ဆိုတာ သိတာမို့ လူတွေဝိုင်းကြည့်နေတာကို မရှက်နိုင်တော့ဘဲ ဘာအေးဘုံလဲ အရူးကွက်တွေလာမနင်းနဲ့ ငါ့မှာ မှတ်ပုံတင်ပါတယ်။ လာ အခု သက်သေတွေနဲ့ ရဲစခန်းသွားမယ်။ ငါ့ကိုဆွဲ ဆက်ဆွဲခေါ်ရဲ ဆွဲခေါ်ကြည့် အချုပ်ခန်းထဲ အရောက်ပို့မယ်လို့ အသံကုန်ကြုံးအော်ပြီးရုန်းလိုက်မှ ဘေးကလူတွေက ကျွန်မအနားကပ်လာရဲတယ်။ သူတို့အမြင်မှာ တူဝရီးချင်းဖြစ်နေတာလား ၊ သားအဖချင်းဖြစ်နေတာလားထင်နေပုံပဲ။ ကျွန်မအော်လိုက်မှ ဘာမှမတော်မှန်း သတိထားမိပုံရတာ။

ကျွန်မက သူလုပ်သလိုလည်းမခံ ၊ ပြန်လည်းအော် ၊ ချက်နဲ့လက်နဲ့ပြောတဲ့အပြင် လူတွေလည်း ကပ်လာပြီဆိုမှ အေးဘုံနဲ့လူမှားသွားတာဖြစ်မယ်။ ဆောရီး ဆောရီးနဲ့ အရူးကွက်နင်းပြီးထွက်သွားတယ်။ ကျွန်မနေရာမှာ ရှက်ရွံ့ ကြောက်လန့်နေတတ်တဲ့ မိန်းကလေးဆို လူမြင်ကွင်းကနေ လူတွေကွယ်ရာ ပါသွားနိုင်တယ်။ ဟုတ်ကဲ့ အဲဒါ ကျွန်မတို့ခေတ် (၂၀)ရာစုက ရန်ကုန်မြို့တော်မှာပါ။ ဒါဟာ သမရိုးကျ လူမှားတာ မဖြစ်နိုင်ဘူး။ တစ်ယောက်တည်း အဖော်မပါတဲ့ ငယ်ငယ်ရွယ်ရွယ် မိန်းကလေးတွေကို ဦးတည်နေခဲ့တာ သေချာတယ်။

ကျွန်မတစ်ယောက်တည်း ဒီလိုခံခဲ့ရဖူးတာလားဆိုတော့ မဟုတ်ဘူး။ ကျွန်မသူငယ်ချင်းမလေးတွေမှာလည်း သူတို့ဇတ်လမ်းနဲ့ သူတို့ခံခဲ့ရဖူးတာတွေရှိတယ်။ အဖြစ်ချင်းသာမတူကြတာ မိန်းမငယ်လေးတွေကို ဦးတည်ချက်ထားပြီး အမြတ်ထုတ်နေခဲ့ကြတာတော့ ကျွန်မတို့ခေတ်ကတည်းက ရှိနေခဲ့တယ်။

အခုကျတော့ ပိုဆိုးတာပေါ့။ ခေတ်ကလည်း တိုးတက်လာ ၊ မြန်မာနိုင်ငံရဲ့ လူနေမှုအဆင့်က တိုးတက်နေတဲ့ ခေတ်ကြီးနဲ့အမီ လိုက်မမီတော့ ဖြတ်လမ်းလိုက်သူတွေနဲ့ ဒုစရိုက်သမားတွေ စိတ်ကြိုက်ဖြစ်လာတဲ့ခေတ်ကြီးပါ။ ရဲတွေမကြပ်မတ်နိုင်မှန်းလည်းသိ ၊ ဥပဒေကလျော့ရဲမှန်းလည်းသိ ၊ လုံခြုံမှု အလုံအလောက်မပေးနိုင်ဘူးဆိုတာ သူတို့တွေကသိနေတော့ သားကောင်တွေအဖြစ် ခံနေရသူအများစုက မိန်းကလေးတွေ ၊ အမျိုးသမီးတွေ ၊ သက်ကြီးရွယ်အိုအဖွားကြီးတွေ ဖြစ်နေတယ်။

အော်မယ်မကြံနဲ့ ဓါးနဲ့ထိုးလိုက်မယ် ၊ တစ်သိန်းတန်ပစ္စည်းလေးအတွက်လည်း ဓါးထိုးခံရနိုင်တယ် ၊ သမီးရည်းစားပြတ်စဲလိုက်လို့လည်း အသက်ဆုံးရှုံးနိုင်တယ် ၊ အိမ်တက်ခိုးရင်းလည်း နှုတ်ပိတ်သွားနိုင်တယ်။ နေရောင်အောက်မှာတောင် နေထိုင်သွားလာရတာ မလုံခြုံတော့ဘူး။ ကိုယ့်အရိပ်တောင် အနောက်ကလူကပ်ပါလာသလားလို့ ပြန်လန့်နေရတဲ့ခေတ်ဖြစ်နေပြီ။ တကယ်ဆို စိတ်ဓါတ်တွေ အောက်တန်းကျလာလို့ လူတွေပါ လုပ်ရပ်တွေအောက်တန်းကျလာတာပါ။ ဂျာအေးကိုသူ့အမေရိုက်လို့ ဥပဒေ နဲ့ ရဲအင်အား မုန့်လုံးစက္ကူကပ်နေတုန်း တကယ်ခံစားနေရတဲ့သားကောင်တွေက ပြည်သူတွေဖြစ်နေတယ်။ တကယ်ဆို ပြည်သူက ပြည်သူကို ပြန်ဒုက္ခပေးနေတာပါ။

ကျွန်မ ငယ်ငယ်ကတည်းက တွေ့မြင်ထိတွေ့ခံစားခဲ့ရတဲ့ အရာတွေက သမရိုးကျဖြစ်စဉ်တွေလို့ မှတ်ထင်ခဲ့ပေမယ့် မျက်စိပွင့် ၊ နားပွင့် တခြားတိုင်းပြည်တွေကို ရောက်ရှိပြီးတော့မှ ဒါတွေဟာ သမရိုးကျဖြစ်စဉ်တွေမဟုတ်ခဲ့ပဲ ကိုယ်နှုတ်အမူအရာတွေနဲ့ ကိုယ်ဟာ ထိပါးစော်ကားခြင်းခံခဲ့ရပါလားဆိုတာကို သိလိုက်ရတော့ နောင်မျိုးဆက်မိန်းကလေးတွေ ဒီလို မကြုံစေချင်တာအမှန်ပဲ။ ဒါတွေကို ကျယ်ကျယယ်ပြန့်ပြန့် အသိပညာပေးဖို့လိုတယ်။ သို့ပေမယ့်လည်းလေ ဒီလိုအမြင်ဖွင့်ရုံစာတွေပဲ ရေးရုံတတ်နိုင်သေးတဲ့ကျွန်မမှာ မြန်မာလူမှုအသိုင်းအဝန်းက အသားကျနေတဲ့ နေ့ရက်တွေထဲ မြန်မာမိန်းကလေးတွေ စိတ်လုံခြုံမှု ရရှိကြပါစေလို့သာ ဆုတောင်းရုံရှိတာပ။

ရတု (Burmesehearts.com)
- See more at: http://www.burmesehearts.com


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246