ဒေါ်မိုးထက်ထက်ဂွက်ထော်သည် သာမန်အရပ်သူတစ်ယောက်သာ ဖြစ်သည်။
အသက် ၅၀ အရွယ်ရှိနေပြီဖြစ်သော မြန်မာမိန်းမတစ်ယောက်ဖြစ်သည်။
အပျိုကြီးတစ်ဦးလည်း ဖြစ်လေသည်။
ဒေါ်မိုးထက်ထက်ဂွက်ထော်တွင် ဝမ်းတွင်းပါ စုန်းအတတ်ပညာများ ရှိနေကြောင်း
ကို လွန်ခဲ့သည့် နှစ်အနည်းငယ်မှစတင်၍ သဲလွန်စရခဲ့ကြပေသည်။
ဒေါ်မိုးထက်ထက်ဂွက်ထော်သည် စက္ကူများပေါ်တွင် စာရေးလေ့ရှိသူ ဖြစ်၏။
ထိုအချက်ကပင် အများတကာထက်တစ်မူထူးသော အလေ့အထတစ်ခုဖြစ်
နေခဲ့ပေသည်။ စက္ကူဆိုသည်မှာ ရှေးခေတ် ဟောင်းက ဆက်သွယ်ရေး၊
ပညာရေး၊ လူမှုရေးနှင့် မီဒီယာကိစ္စများတွင် အသုံးပြုခဲ့သည့် ကြားခံပစ္စည်း
တစ်ခုဖြစ်ပေသည်။ သစ်တောများဖြုန်းတီးမှုအား ကန့်သတ်ပြီးသည့်နောက်
ကမ္ဘာပေါ်တွင် စက္ကူထုတ် လုပ်မှု ရပ်ဆိုင်းသွားခဲ့သည်။ စက္ကူကို ရှေးဟောင်း
အမှတ်တရပစ္စည်းတစ်ခုအဖြစ် အနည်းငယ်သာ ထုတ်လုပ်ကာ ရှေးဟောင်း
ပစ္စည်းအရောင်းဆိုင်များ၌ ရောင်းချတော့သည်။
ခေတ်ကာလအနေအထားအရ လူထုဆက်သွယ်ရေးလုပ်ငန်းတွင် တစ်ကမ္ဘာလုံး
လူတစ်ကိုယ် ကွန်ပျူတာတစ်လုံး ကိုင်နေကြပြီဖြစ်သည်။ မည်သည့်ကိစ္စ
အတွက်မဆို လူတိုင်း ကိုယ်ပိုင်ကွန်ပျူတာကို သာ အသုံးပြုကြသည်။
ကိုယ်ပိုင်သုံးကွန်ပျူတာဆိုသည်မှာလည်း ကြီးကြီးမားမားမဟုတ်။ လက်တစ်ဝါး
အရွယ် မြင်ကွင်းပါသည့် သုံးလက်မထူသော စက်ပြားပြားလေး တစ်လုံးသာ
ဖြစ်လေသည်။
လူအဖြစ်မွေးဖွားလာသည်နှင့် မည်သည့်နိုင်ငံ၊ မည်သည့်နေရာတွင် မွေးမွေး
ကွန်ပျူတာတစ်လုံး ပိုင်ဆိုင်ခွင့်ရှိကြသည်။ မွေးလာသောကလေးအတွက်
ကွန်ပျူတာကို သက်ဆိုင်ရာဌာနမှ ထုတ်ပေးကြ သည်။ မွေးစာရင်းပြရုံနှင့်
ကွန်ပျူတာတစ်လုံး အလွယ်တကူ ထုတ်ယူလို့ရပေသည်။ အခကြေးငွေ
ပေးစရာမလို၊ အခမဲ့ရနိုင်ခြင်းဖြစ်သည်။
လူတစ်ယောက်သည် ထိုကွန်ပျူတာဖြင့် စာသင်နိုင်သည်။ လိုအပ်သမျှ
လေ့လာနိုင်သည်။ ရုပ်ရှင်ကြည့်နိုင်သည်။ တေးဂီတနားဆင်နိုင်သည်။
ဝတ္ထုဖတ်နိုင်သည်။ စာပေးစာယူပြုလုပ်နိုင်သည်။ ရည်းစားထားနိုင်သည်။
ဖူးစာရှင်ကြင်ယာရှာနိုင်သည်။ အင်တာနက်မှတစ်ဆင့် လိုအပ်သည်များ
အားလုံးကို ဆက်သွယ်နိုင်သည်။ ကိုယ်ပိုင်ကွန်ပျူတာတစ်လုံးရှိရုံနှင့် လူတစ်
ယောက်အတွက် လိုအပ် ချက်အားလုံး ပြည့်စုံနိုင်လေ၏။ မိမိအသုံးပြုနေသော
ကွန်ပျူတာ ပျက်စီးသွားပါကလည်း အဟောင်းကို ပြန်အပ်၍ အသစ်တစ်လုံး
အခမဲ့ ထုတ်ယူနိုင်သေးသည်။
သာမန်လူတစ်ယောက်အသုံးပြုသည့် အဆင့်အနိမ့်ဆုံး ကွန်ပျူတာတစ်လုံး
သည် လုံးချင်းဝတ္ထု ပုဒ်ရေ တစ်ထောင်၊ သီချင်းပုဒ်ရေသုံးသောင်း၊
ရုပ်ရှင်ဇာတ်ကားကြီးငါးရာ၊ ပန်းချီကားချပ်နှစ်သောင်းကို တစ်ပြိုင်တည်း
သိုလှောင်ထားလို့ရပေသည်။ ထို့ကြောင့် သာမန်ကွန်ပျူတာတစ်လုံးရှိရုံဖြင့်
လူတစ် ယောက်အတွက် စိတ်အပန်းပြေမှုအားလုံး ပြီးပြည့်စုံနေပေတော့သည်။
ကွန်ပျူတာထုတ်လုပ်မှုမှာ စာရွက်စက္ကူထုတ်လုပ်မှုထက် ယခုအခါတွင်
များစွာဈေးသက်သာနေ ပေသည်။ သစ်တောပြုန်းတီးမှုကိုလည်း မဖြစ်ပေါ်စေပေ။
စက္ကူထက် ထုတ်လုပ်ခသက်သာရုံမက လုပ်ငန်းတွင်ကျယ်မှုတွင် စက္ကူထက်
အဆပေါင်းများစွာ သာလွန်နေသည့်အတွက် စက္ကူဆိုသည်မှာ အသုံးပြုရန်
မလိုအပ်တော့သော ပစ္စည်းတစ်ခုဖြစ်နေပေပြီ။
ဤလိုအချိန်အခါမျိုးဝယ် ဒေါ်မိုးထက်ထက်ဂွက်ထော်သည် စက္ကူများကို
ဈေးကြီးပေးဝယ်ယူကာ စက္ကူများပေါ်တွင် ကလောင်တံဖြင့် ရေးခြစ်ခြင်း၊
တွက်ချက်ခြင်းများပြုလုပ်နေသည့်အခါ လူအများ အနေဖြင့် နားမလည်နိုင်
အောင် ရှိခဲ့ရလေ၏။
ဒေါ်မိုးထက်ထက်ဂွက်ထော် စက္ကူများပေါ်တွင် ရေးသားသော စာများမှာ
ဂဏန်းသင်္ချာများ ဖြစ်နေပေ၏။
ဒေါ်မိုးထက်ထက်ဂွက်ထော်၏ မူမမှန်ပုံကို စတိုးဆိုင်တစ်ဆိုင်တွင်
ဈေးဝယ်စဉ်မှ စတင်၍ အကဲ ခတ်မိခဲ့ကြလေသည်။
------
ဆက်ပါဦးမည် ..............
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment