ဒေါ်မိုးထက်ထက်ဂွက်ထော်သည် ဈေးဝယ်ရန်အတွက် ကုန်မျိုးစုံရောင်းသော
စူပါမားကက် တစ်ခုအတွင်းသို့ ရောက်လာလေသည်။
ဒေါ်မိုးထက်ထက်ဂွက်ထော်က လိုအပ်သောပစ္စည်းများကို ဆိုင်တွင် အသင့်
ထားပေးသော လက်တွန်းလှည်းလေးထဲသို့ တစ်ခုပြီးတစ်ခု ရွေးထည့်သွားကာ
တွန်းလှည်းကို ငွေရှင်းကောင်တာဆီသို့ တွန်းယူခဲ့လေသည်။
ကောင်တာမှအရောင်းစာရေးမလေးက ဒေါ်မိုးထက်ထက်ဂွက်ထော် ယူလာသော
ပစ္စည်းများကို ရေတွက်ကာ ကျသင့်ငွေကို ကွန်ပျူတာဖြင့် တွက် ချက်လေ၏။
“ပေါင်မုန့်က ၆ လုံး၊ တစ်လုံးကို သုံးကျပ် ...”
စာရေးမလေးက ကွန်ပျူတာပေါ်မှ ၆ ဂဏန်းနှင့် ၃ ဂဏန်းများကို နှိပ်ကာ
တွက်ချက်ရန် ပြင်ဆင်၏။
“၃ ကျပ်တန် ၆ လုံးဆိုတော့ ၃ x ၆ လီ ၁၈၊ ၁၈ကျပ်ပေါ့သမီးရယ်”
ဒေါ်မိုးထက်ထက်ဂွက်ထော်က နှုတ်ဖြင့်တွက်ပြလိုက်ရာ ကွန်ပျူတာကို
နှိပ်ရန်ပြင်နေဆဲ စာရေး မလေးမှာ အံ့အားသင့်သွားလေ၏။
“ကြည့်စမ်း၊ အန်တီက ကွန်ပျူတာမပါပဲ တွက်နိုင်တယ်နော်”
“အန်တီမှာ ကွန်ပျူတာပါပါတယ်။ ဟောဒီမှာလေ ... ဒါလောက်လေး
ကတော့ ကွန်ပျူတာ ထုတ်ပြီး နှိပ်နေစရာမလိုဘူးလေ သမီးရဲ့။
လက်တန်း တွက်လို့ရနေတာကိုး။ ကဲ ...အန်တီပဲတွက်ပြမယ်”
ဒေါ်မိုးထက်ထက်ဂွက်ထော်က သူဝယ်ယူသည့်ပစ္စည်းများ၏
ကုန်ကျစရိတ်ကို ဒိုးဒိုးဒေါက်ဒေါက် တွက်ပြလိုက်လေသည်။
“ယိုဘူးက တစ်ဘူး ၄ ကျပ်နဲ့ ၂ ဘူးဆိုတော့ လေးနှစ်လီ ၈ ကျပ်၊
အာလူးက တစ်ပိဿာ တစ်ဆယ်ဈေးမဟုတ်လား။ အန်တီယူလာတာ
အစိတ်သားထုပ်ဆိုတော့ ၂ ကျပ်ခွဲကွယ်။ တစ်စည်း တစ်ကျပ်တန်
ကန်စွန်းရွက်က ၃ စည်းဆိုတော့ ၃ ကျပ်၊ အမဲသားဘူးက တစ်ဘူး
၅ ကျပ်တန် ၂ ဘူး ဆိုတော့ တစ်ဆယ်ပေါ့ကွယ့်။ ကဲ ...အားလုံးပေါင်း
မယ်၊ ၁၈ ကျပ်ရယ် ၈ ကျပ်ရယ်က ၂၆ ကျပ်။ အားလူး ၂ ကျပ်ခွဲဖိုးနဲ့
ကန်းစွန်းရွက် ၃ ကျပ် ဖိုးပေါင်းတော့ ၅ ကျပ်ခွဲ၊ ခုန ၂၆ ကျပ်နဲ့ပေါင်းတော့
၃၁ ကျပ်ခွဲမနေလား။ အမဲသား ၂ ဘူးက တစ်ဆယ်နဲ့ စုစုပေါင်း ၄၁
ကျပ်ခွဲကျတာပေါ့”
အရောင်းစာရေးမလေးသည် ဒေါ်မိုးထက်ထက်ဂွက်ထော် တွက်ပြသည်များ
ကို နားထောင်ကာ ပါးစပ်အဟောင်းသားဖြင့် အသက်ပင်မရှူမိဘဲ ငေးနေ
သည်။ ထို့နောက် စာရေးမလေးက ကွန်ပျူတာ ခလုတ်များကိုနှိပ်ကာ
ကုန်ကျစရိတ်ကို တွက်ကြည့်လိုက်၏။ ထွက်လာသည့်အဖြေမှာ
ဒေါ်မိုးထက် ထက်ဂွက်ထော် ထုတ်လိုက်သည့်အဖြေအတိုင်း
ကွက်တိဖြစ်နေလေသည်။ ကွန်ပျူတာထက်ပင် မြန်ဆန် စွာ အဖြေ
ထုတ်နိုင်သော ဒေါ်မိုးထက်ထက်ဂွက်ထော်ကို စာရေးမလေးက အထူး
အဆန်းသဖွယ် ငေး ကြည့်နေမိသည်။ အနီးတွင် ရပ်နေသူများကလည်း
စိတ်ဝင်စားစွာ ရပ်ကြည့်နေကြလေ၏။
“အန်တီက ကွက်တိမှန်အောင် တွက်နိုင်တယ်နော်။ အိမ်က ထွက်လာ
ကတည်းက ဒီပစ္စည်း တွေဝယ်မယ်လို့ဆုံးဖြတ်ပြီး အန်တီ့ကွန်ပျူတာနဲ့
တစ်ခါတည်းတွက်လာခဲ့တာလား အန်တီ”
“ကြံကြံဖန်ဖန်ကွယ်၊ အန်တီ့ဟာအန်တီ စိတ်တွက်နဲ့ တွက်လိုက်တာပါ။
တကယ်တော့ ဒါ မခက်ပါဘူးကွယ့်”
ဒေါ်မိုးထက်ထက်ဂွက်ထော်က ကျသင့်ငွေကိုရှင်းပေးပြီး ပစ္စည်းများကို
ယူကာ ဆိုင်ထဲမှ ထွက်သွားလေတော့သည်။
အရောင်းစာရေးမလေးသည် မန်နေဂျာအခန်းသို့ အပြေးသွားကာ
သူကြုံတွေ့ခဲ့ရသော ထူးဆန်းအံ့ဩဖွယ်အဖြစ်ကို အစီရင်ခံတင်ပြလိုက်
လေသည်။
“ကုန်ကျစရိတ်တွေကို ကွန်ပျူတာမသုံးဘဲ စိတ်နဲ့တွက်တယ်ဆိုတာ
ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ မင်း နေကောင်းရဲ့လား”
မန်နေဂျာက အရောင်းစာရေးမလေးကို မယုံသင်္ကာဖြင့် မေးမြန်း လိုက်
လေသည်။
“ကျွန်မက မျက်မြင်ကြုံခဲ့တာပါ ဆရာ။ မယုံရင် မှတ်တမ်းရုပ်သံမှာ
ပြန်ကြည့်လို့ရပါတယ်”
မန်နေဂျာက ကွန်ပျူတာထိန်းချုပ်ဌာနသို့ လွန်ခဲ့သည့်ဆယ်မိနစ်က
အရောင်းကောင်တာရှေ့မှ ရုပ်မြင်သံကြားမှတ်တမ်းကို သူ့အခန်းထဲသို့
လွှင့်ပေးရန် ဖုန်းဖြင့် အမိန့်ပေးလိုက်လေသည်။
စူပါမားကက်၏ ထောင့်တိုင်း၊ နေရာတိုင်းတွင် ရုပ်သံကင်မရာများ
တပ်ဆင်ထားကာ ဈေး ရောင်းဈေးဝယ်မြင်ကွင်းများကို စက္ကန့်မလပ်
မှတ်တမ်းတင်ထားလျက်ရှိပါသည်။ ဝယ်သူများ ဝယ်ယူ သည့်ပစ္စည်းကို
အငြင်းမပွားစေရန်၊ ပစ္စည်းများ အခိုးခံရမှုမှကာကွယ်ရန် တပ်ဆင်မှတ်တမ်း
တင်ထား ခြင်းပင် ဖြစ်ပါသည်။
ကွန်ပျူတာထိမ်းချုပ်ဌာနမှ လွှင့်ပေးလိုက်သည့် လွန်ခဲ့သော ဆယ်မိနစ်က
အရောင်းကောင်တာ ရှေ့မှ ရုပ်သံမှတ်တမ်းသည် စက္ကန့်ပိုင်းအတွင်း
မန်နေဂျာအခန်းထဲမှ တီဗီစက်တွင် ထင်ဟပ်လာ လေသည်။
အရောင်းစာရေးမလေးနှင့် ဒေါ်မိုးထက်ထက်ဂွက်ထော်တို့ ပြောဆိုနေပုံ။
ဒေါ်မိုးထက်ထက်ဂွက် ထော်က ပစ္စည်းကုန်ကျစရိတ်ကို လျင်မြန်စွာ
နှုတ်တိုက်တွက်ချက်ပြပုံများကို မန်နေဂျာ မြင်တွေ့နေရ၏။
“ဘုရား ...ဘုရား၊ ထူးဆန်းလှချည်လား။ သူ ကွန်ပျူတာကို
တစ်ချက်မနှိပ်ဘဲနဲ့ ဂဏန်း သင်္ချာတွေကို တွက်တတ်တယ်။ သူ့
အဖြေတွေရော မှန်ရဲ့လား ...မှန်း ...”
မန်နေဂျာက ဒေါ်မိုးထက်ထက်ဂွက်ထော်ဝယ်ယူသည့် ပစ္စည်းများကို
ဈေးနှုန်းနှင့် အရေ အတွက်များ ကွန်ပျူတာထဲတွင် ရိုက်ထည့်ကာ
တွက်ချက် ကြည့်လိုက်လေသည်။
“ဟိုက် ...ကွက်တိပါလား”
မန်နေဂျာက အံ့ဩတကြီးရေရွတ်လိုက်လေသည်။
“အဲဒါကြောင့်ပြောတာပေါ့ ဆရာ။ ထူးဆန်းလွန်းလို့ သမီး ဆရာ့ဆီ လာ
သတင်းပို့တာပါ”
“ဟုတ်တယ်ဟေ့။ ဒီမိန်းမဟာ သာမန်မိန်းမတစ်ယောက် မဟုတ်ဘူး”
“သိပ်တော်တဲ့မိန်းမတစ်ယောက်လို့ ဆိုလိုတာလား ဆရာ”
“မဟုတ်ဘူး။ သူ့မှာ လျှို့ဝှက်တဲ့ အတတ်ပညာတစ်ခုခုတော့ ရှိရမယ်။
လူစင်စစ်မှ ဟုတ်ရဲ့ လားကွာ”
အံ့ဖွယ်သရဲ ထူးဆန်းလှသည့် အစွမ်းအစကိုကြည့်ရင်း မန်နေဂျာက
မှတ်ချက်ချလိုက်လေသည်။
------------
ဆက်ပါဦးမည် ..............
Credit - ဆောင်းလုလင်
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment