Saturday, 26 March 2016

ခေတ်သစ်စုန်းမအပိုင်း-၎

ဒေါ်မိုးထက်ထက်ဂွက်ထော်သည် အသက် ၄၀ အထိ အစိုးရဘက်ဆိုင်ရာ 

ရုံးတစ်ရုံးတွင် တာဝန် ထမ်းဆောင်ခဲ့ပေသည်။ အသက် ၄၀ ပြည့်သည်တွင် 

ပင်စင်ယူ၍ သက်သောင့်သက်သာ နေထိုင်ခဲ့၏။ သူမသည် အိမ်ထောင်မရှိသူ 

အပျိုကြီးတစ်ဦးဖြစ်သည်။ 

အလုပ်မှအနားယူပြီးသည့်အချိန်တွင် ဒေါ်မိုးထက်ထက်ဂွက်ထော်မှာ 

အားလပ်နေခဲ့သည်။ အသက်ကလည်း ကြီးလှသည်မဟုတ်သေး။ 

ကျန်းမာရေးကလည်း ကောင်းနေသေးသူဖြစ်ရာ ဒေါ်မိုး ထက်ထက်ဂွက်ထော်သည် 

ကျောင်းနေစဉ်ကနှင့် လုပ်ငန်းခွင်အတွင်းတွင် မလေ့လာခဲ့ရသည့် ပညာရပ် 

များကို လေ့လာခဲ့လေ၏။ 

သူမသည် အတွက်အချက်ဝါသနာပါသူဖြစ်ရာ ဂဏန်းသင်္ချာ ဘာသာရပ်ကို 

ကိုယ်တိုင်လေ့လာ ခဲ့လေသည်။ 

ယခုကာလတွင် အစစအရာရာ တိုးတက်နေပြီဖြစ်ရာ လူတို့သည် 

အတွက်အချက်ကို အပင်ပန်း ခံ၍ တွက်ချက်မနေတော့ပေ။ ဂဏန်းသင်္ချာ 

အပေါင်းအနှုတ်တစ်ခုကို တစ်လုံးစီချရေး၍ ပေါင်းနှုတ် မြှောက်စားသည့်

ခေတ်မှာ နှစ်ပေါင်းလေးရာခန့် နောက်ကျကျန်ရစ်ခဲ့ပြီဖြစ်သည်။ 

ဘယ်အချက်အလက် ကိုပဲ သိချင်သိချင် ကွန်ပျူတာခလုတ်ကလေးကို 

နှိပ်ရုံဖြင့် စက္ကန့်ပိုင်းအတွင်း သိရှိနေနိုင်ပေရာ မည်သူ ကမှလည်း 

အပင်ပန်းခံ တွက်ချက်မနေတော့ပေ။ သိလိုသမျှ ကွန်ပျူတာခလုတ်နှိပ်၍ 

အဖြေရှာ ခိုင်းလိုက်ရုံသာ ဖြစ်ပေ၏။ 

ရာစုနှစ်ပေါင်းများစွာ ကွန်ပျူတာကို အရိုးစွဲအောင် သုံးလာကြပြီးဖြစ်သည့် 

ကမ္ဘာ့လူသားတို့သည် အခြေခံအတွက်အချက်ပညာကို မတတ်ကျွမ်းကြတော့

ပေ။ ၁ နှင့် ၂ ပေါင်းပါက မည်မျှရသည်ကိုပင် ခေါင်းရှုပ်ခံ၍ စဉ်းစားမနေ

ကြတော့။ ကွန်ပျူတာ၏ ဂဏန်း ၁ ခလုတ်၊ အပေါင်းလက္ခဏာ ခလုတ်နှင့် 

ဂဏန်း ၂ ခလုတ်တို့ကို အစဉ်အတိုင်းနှိပ်၍ အသင့်ပေါ်လာသော အဖြေကို 

ကြည့်ကြသည်။ 

လူတို့သည် မွေးကတည်းကပင် ဂဏန်းသင်္ချာ အတွက်အချက်နှင့် ပတ်သက်၍ 

စဉ်းစားတွေး ခေါ်သည့် အလေ့အကျင့်မရှိသည့်အတွက် ဦးနှောက်များ 

တုံးနေကြပြီဖြစ်သည်။ ကျောင်းများ၌လည်း သင်ကြားခြင်းမပြုတော့ပါ။ 

ပုစ္ဆာတစ်ပုဒ်၏အဖြေကို သိလိုပါက ကွန်ပျူတာခလုတ်များကို မည်သို့ 

မှန်ကန်စွာနှိပ်ရမည့်နည်းကိုသာ သင်ကြားပို့ချပေးကြသည်။ 

ဂဏန်းမတွက်တတ်၍လည်း မည်သည့်လူသားမှ ဒုက္ခရောက်မသွားကြပါ

ချေ။ ရှေးအထက်ကာရီ က သိပ္ပံပညာရှင်လူသားများက လက်ရှိခေတ် 

လူသားများအတွက် ကွန်ပျူတာများကို ပြီးပြည့်စုံအောင် တီထွင်ပေးသွားပြီး 

ဖြစ်သည်။ 

ထို့ကြောင့် အများတကာထက် တစ်ယောက်တည်းထူးကဲ၍ ဂဏန်းသင်္ချာ

ပညာကို လေ့လာ နေသော ဒေါ်မိုးထက်ထက်ဂွက်ထော်သည် အများထဲမှာ 

ကွက်၍ တမူထူးခြားနေခြင်းပင် ဖြစ်တော့သည်။ 

ဒေါ်မိုးထက်ထက်ဂွက်ထော်သည် လေ့လာဆည်းပူးသည့် အားလျော်စွာ 

ဂဏန်းများကို ကိုယ် တိုင်ချရေး၍ တွက်ချက်တတ်လာသည်။ 

၁ နှင့် ၂ ပေါင်းလျှင် ၃ ရကြောင်းကို ကွန်ပျူတာနှိပ်မှ သိရ သည်မဟုတ်။ 

တုတ်ချောင်းလေးတစ်ချောင်းနှင့် နောက်ထပ်တုတ်ချောင်းလေး ၂ ချောင်း

ကိုချ၊ ရေတွက် ကြည့်လျှင် ၃ ဆိုသည့်အဖြေကို ရနိုင်ပါသည်။ 

ဤနည်းဖြင့် ဒေါ်မိုးထက်ထက်ဂွက်ထော်သည် အပေါင်း အနှုတ်အချို့ကို 

တွက်တတ်လာသည်။ တစ်ဆင့်တက်၍ အမြှောက်အစားများကိုပါ 

တတ်မြောက် လာခဲ့သည်။ 

စင်စစ် ဒေါ်မိုးထက်ထက်ဂွက်ထော် ရှာဖွေတွေ့ရှိသည့် ဂဏန်းတွက်နည်း

များမှာ ရှေးခေတ်က မူလတန်းကလေးများကို သင်ကြားသည့် အခြေခံ 

အတွက်အချက်ပညာများသာ ဖြစ်ပါသည်။ သို့ရာတွင် လက်ရှိအသက်ရှင်

နေသူ လူသားမှန်သမျှသည် ထိုအခြေခံတွက်နည်းများကို မသင်ကြားဖူး၍ 

လုံးဝမသိ ကြချေ။ လက်ရှိအသက်ရှင်နေသော လူသားများသည် 

ကိန်းဂဏန်းတစ်ခုကို သိလိုပါက ကွန်ပျူတာ တွင်နှိပ်၍ အဖြေရှာရမည်ဟု

သာ သိကြသည်။ ကွန်ပျူတာမှ ဖော်ပြသောအဖြေသည် မည်သို့မည်ပုံ 

အဆင့်ဆင့်တွက်ချက်ရာမှ ရရှိလာကြောင်းကို မသိကြချေ။ 

ထိုအခါ ဒေါ်မိုးထက်ထက်ဂွက်ထော်တစ်ယောက် ဂဏန်းသင်္ချာများကို

 နှုတ်တိုက်သော် လည်းကောင်း၊ လက်တန်းသော်လည်းကောင်း၊ စာရွက်ပေါ်

ချရေး၍သော်လည်းကောင်း တွက်ချက်တတ် မြောက်နေခြင်းသည် 

အားလုံးအတွက် အဆန်းတကြယ် ဖြစ်နေကြတော့သည်။ 

ဒေါ်မိုးထက်ထက်ဂွက်ထော်ကလည်း ဂဏန်းသင်္ချာနှင့်ပတ်သက်၍ 

ရှေးခေတ် သမိုင်းကြောင်း ကိုပါမကျန် စာကြည့်တိုက်များ ပြတိုက်များအထိ 

သွားရောက်ကာ လှန်လှောလေ့လာရှာဖွေခဲ့ရာ တစ်ခါ တော့ လွန်ခဲ့သော 

နှစ်ပေါင်း ၅၀၀ကျော်က ဗလာစာအုပ်တစ်အုပ်ကို ပြတိုက်တစ်ခု၌ 

တွေ့ရှိခဲ့လေ သည်။ စာအုပ်မှာ နှစ်ငါးရာကျော်သက်တမ်းရှိပြီးမို့ ကျွတ်ရွကာ 

ကြွေကျလုမတတ်ရှိနေလေပြီ။ ဒေါ်မိုး ထက်ထက်ဂွက်ထော်က ပြတိုက်မှူးထံ 

ခွင့်တောင်းကာ ထိုဗလာစာအုပ်ကို တစ်အုပ်လုံး မိတ္တူကူး ယူခဲ့လေသည်။ 

ဗလာစာအုပ်မှာ ၂၀ ရာစုကာလက နှစ်တန်းကျောင်းသား တစ်ယောက် 

အသုံးပြုခဲ့သောစာအုပ် ဖြစ်လေသည်။ ဒေါ်မိုးထက်ထက်ဂွက်ထော်သည် 

စာအုပ်နောက်ကျောမှ အလီတိုင်ဇယားကို တွေ့ရှိ ခဲ့လေသည်။ 

အစပိုင်းတွင် ဒေါ်မိုးထက်ထက်ဂွက်ထော် နားမလည်မိ။ သေချာလေ့လာ

ကြည့်ပါမှ အလီတိုင်ဇယားဆိုသည်မှာ ကိန်းဂဏန်းတစ်ခုနှင့် အခြားကိန်း

ဂဏန်းတစ်ခုတို့ မြှောက်ခြင်းမှရသော ရလဒ်များကို တန်းစီဖော်ပြထားသည့် 

ဇယားဖြစ်နေတာကို သတိပြုမိတော့သည်။ ကိန်းဂဏန်း တစ်ခုနှင့်တစ်ခု 

မြှောက်ခြင်းကို ဂဏန်းစဉ်အတိုင်း ဖော်ပြထားခြင်းဖြစ်သည်။ 

ဒေါ်မိုးထက်ထက်ဂွက်ထော်က အလီတိုင်ဇယားကို အရကျက်မှတ်ခဲ့ရာ 

တစ်နှစ်ကြာချိန်တွင် ၁ အလီမှ ၉ အလီအထိ အလွတ်ရသွားခဲ့လေသည်။ 

ဒေါ်မိုးထက်ထက်ဂွက်ထော်က သူ လေ့လာတွေ့ရှိသော ဂဏန်းသင်္ချာ

ပညာရပ်အတွက် အလွန် ပင်ဂုဏ်ယူခဲ့လေသည်။ အလျဉ်းသင့်သည့်အခါ

တိုင်းလည်း သူမ တတ်ကျွမ်းသော သင်္ချာပညာကို လူတောထဲတွင် 

အသုံးချခဲ့လေ၏။ 

တစ်ခါက ဘတ်စ်ကားဖြင့် တစ်နေရာသို့သွားခဲ့ရာ မှတ်တိုင်တစ်ခုတွင် 

ကျောင်းသူ ၆ ယောက် ကားပေါ်တက်လာလေသည်။ ကျောင်းသူများက 

လွှတ်တော်အဆောက်အအုံထိစီးလျှင် ဘယ်လောက် ကျမည်လဲဟု 

စပယ်ယာကို မေးလေသည်။ စပယ်ယာက တစ်ဦးလျှင် ၁၅ ပြားကျကြောင်း 

ပြန်ပြော၏။ ကျောင်းသူတစ်ဦးက ၆ ယောက်အတွက် ငွေထုတ်ပေးရန် 

သူ့အဖော်များအား “ဘယ်လောက်ကျသလဲ တွက်ကြပါဦး”..ဟုဆိုကာ 

သူကိုယ်တိုင်လည်း လွယ်အိတ်ထဲမှ ကွန်ပျူတာလေးကိုထုတ်ကာ 

တွက်ရန် ပြင်လေသည်။ ကျန်ကျောင်းသူများကလည်း မိမိတို့ကွန်ပျူ

တာများကို အသီးသီးထုတ်လိုက်ကြ၏။ ဘတ်စ်ကားစပယ်ယာကလည်း 

သူ၏ လွယ်အိတ်ထဲမှကွန်ပျူတာကို ထုတ်လိုက်လေသည်။ 

ဒေါ်မိုးထက်ထက်ဂွက်ထော်သည် မနေသာတော့ဘဲ ဝင်ပြောလေတော့သည်။ 


“ဒါလောက်က ကွန်ပျူတာထုတ် တွက်နေစရာ မလိုပါဘူးကွယ်။ 

လွယ်ပါတယ်။ တစ်ယောက် ၁၅ ပြား၊ ၆ ယောက်အတွက်ဆိုတော့ 

၁၅ ကို ၆နဲ့မြှောက်၊ ဆယ့်ငါးခြောက်လီ ၉၀၊ ပြားကိုးဆယ် ပေါ့ကွယ့်” 


ဒေါ်မိုးထက်ထက်ဂွက်ထော်က ဒိုးဒိုးဒေါက်ဒေါက်တွက်ပြလိုက်ရာ 

ကြားရသူအပေါင်း အံ့အား သင့်သွားကြလေသည်။ စပယ်ယာရော၊ 

ကျောင်းသူ ၆ ယောက်လုံးပါ သူတို့ကွန်ပျူတာများဖြင့် အမြန် 

တွက်ချက်အဖြေရှာလိုက်ရာ ဒေါ်မိုးထက်ထက်ဂွက်ထော်ပြောသော 

အဖြေအတိုင်း ဖြစ်နေသည်ကို တွေ့ ရလေ၏။ အခြားသော ဘတ်စ်ကား

စီးခရီးသည်များကလည်း ဒေါ်မိုးထက်ထက်ဂွက်ထော် လျင်မြန်စွာ 

ပြောလိုက်သောအဖြေသည် အမှန်ဟုတ်မဟုတ်ကို သူတို့၏ ကိုယ်ပိုင်ကွန်ပျူ

တာများကိုထုတ်ကာ တွက် ချက်ကြည့်ကြလေ၏။ 

အံ့ဩသောမျက်လုံးအကြည့်များက ဒေါ်မိုးထက်ထက်ဂွက်ထော်ထံ 

စုပြုံကျရောက်လာလေ တော့သည်။ 


-------


ဆက်ပါဦးမည် ..............


Credit - ဆောင်းလုလင်



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment