Monday, 25 April 2016

သင့်ကိုယ်သင်ဂရုစိုက်ဖို့မမေ့ပါနှင့်



ရက်သတ္တပတ် ခုနစ်ရက်လုံး စက္ကန့်မလပ် ပြည့်နှက်နေတဲ့သင့်ရဲ့အလုပ်ကိစ္စ ၊ လူမှုရေးကိစ္စတွေကြောင့် သင့်ကိုယ်သင် 
ဂရုစိုက်ဖို့ မေ့လျော့နေပါသလား။ သင့်ရဲ့ တစ်နေ့တာ အချိန်စာရင်းမှာ သင့်မိသားစုအတွက် ၊ သင့်ကိုယ်သင်အတွက်
အချိန်လေးတွေ သီးသန့်ဖယ်ထားသင့်ပါတယ်။ သင့်ကိုယ်သင်စောင့်ရှောက်ဖို့ ၊ သင့်ကျန်းမာရေးကို ဂရုစိုက်ဖို့ သင့်ရဲ့ သီးသန့်
အချိန်တွေမှာ ဘယ်လိုအရာလေးတွေ လုပ်ဆောင်သင့်တယ်ဆိုတာ အကြံပြုရေးသားဖော်ပြပေးလိုက်ပါရစေ။

၁။ အိပ်ရေး၀၀ အိပ်စက်အနားယူပါ။

သင့်ရဲ့ အိပ်ချိန်ကို ဂရုတစိုက်နဲ့ အိပ်ချိန်ပြည့်ပြည့်၀၀ အိပ်စက်အနားယူခြင်းကလည်း သင့်ကိုယ်ကို ဂရုစိုက်တာပါပဲ။
အိပ်ချိန်လုံလုံလောက်လောက်ရရှိသူတစ်ယောက်ဟာမှတ်ဥာဏ်စွမ်းအားကို တိုးမြင့်စေတဲ့အပြင် တီထွင်ဖန်တီးနိုင်မှု
စွမ်းရည်ကိုလည်း တိုးတက်စေပါတယ်။ ဒါ့အပြင် အာရုံစူးစိုက်နိုင်မှုစွမ်းအားကိုလည်း ပိုမိုတိုးတက်စေလို့ လုပ်ငန်းခွင်မှာ ရလဒ်ကောင်း
တွေကို ဆွတ်ခူးစေနိုင်ပြီး သင့်စိတ်နဲ့ ခန္ဓာကိုယ်ကိုလည်း အမြဲ လန်းဆန်းတက်ကြွနေစေမှာပါ။

၂။ ငြင်းဆန်တတ်အောင်ကြိုးစားပါ။        

သင့်ပတ်ဝန်းကျင်ရှိ လူတွေက ကိစ္စတစ်ခုအပေါ် ဆုံးဖြတ်ချက်ချဖို့ဒါမှမဟုတ် သင် မကြိုက်တဲ့ ကိစ္စကို ဆောက်ရွက်ဖို့ သင့်ကို
လာတွန်းအားပေးနေမယ်ဆိုရင် ငြင်းဆန်ဖို့ ၀န်မလေးပါနဲ့။သင်မလုပ်ချင်တဲ့ ကိစ္စတစ်ခုကို စိတ်ညစ်ခံ ၊ စိတ်အပင်ပန်းခံပြီး
မလုပ်ပါနဲ့။ ကိုယ့်ကိုယ်ကို နှိပ်စက်နေတာနဲ့အတူတူပါပဲ။ ဒါကြောင့် သင့်စိတ်ကို ပျော်ရွှင်စေဖို့ သင်မကြိုက်တဲ့အရာတွေအပေါ်
ငြင်းဆန်တတ်အောင် ကြိုးစားပါ။

၃။ အားလပ်ရက်တွေမှာ စိတ်ရော ကိုယ်ပါ အနားပေးပါ။        

စနေ ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ ရုံးက အလုပ်တွေကို အိမ်အထိ သယ်လာတာမျိုးမလုပ်ဘဲ သင့်ကိုယ်သင် အနားပေးပါ။
အိမ်မှာပဲ သင်နှစ်သက်တဲ့ အရာလေးတွေ (ဥပမာ- သီချင်းနားထောင်တာပဲ ဖြစ်ဖြစ် ၊ ပန်းပင်လေးတွေ စိုက်ပျိုးတာပဲဖြစ်ဖြစ် ၊ 
စာအုပ်စာပေတွေ ဖတ်ရှုလေ့လာတာပဲဖြစ်ဖြစ်) လုပ်သင့်သလို ၊ spa တို့ salon တို့ ဖြစ်ဖြစ် သွားပေးခြင်းဖြင့်လည်း အနားယူနိုင်ပါတယ်။

၎။ ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်ပေးပါ။        

သင့်ခန္ဓာကို ကျန်းမာလှပနေစေဖို့ အားကစားတစ်ခုခု ဒါမှမဟုတ် ကိုယ်ကာယ လေ့ကျင့်ခန်းတစ်မျိုးမျိုးကို နေ့စဉ်ပုံမှန် ကစားပေးသင့်
ပါတယ်။ သင့်စိတ်ရောကိုယ်ပါ လန်းဆန်းနုပျိုနေစေမှာဖြစ်သလို ကိုယ်ခံစွမ်းအားကိုလည်း တိုးမြင့်ပေးလို့ တော်ရုံနေမကောင်းမဖြစ်စေတော့ပါဘူး။

၅။ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အမြဲ အဆက်အသွယ်လုပ်ပါ။        

သင်ရင်းနှီးချစ်ခင်ရတဲ့ မိတ်ဆွေ ၊ သူငယ်ချင်း တို့နှင့် အပြင်ထွက် လည်ခြင်း ၊ နေ့လည်စာ ထွက်စားခြင်းတို့က သင့်စိတ်ကို အနားပေးသလိုဖြစ်စေပြီး
စိတ်ဖိစီးမှုတွေကိုလျှော့ချပေးပါတယ်။

၆။ သင့်စိတ်ခံစားချက်ကို မဖုံးကွယ်ပါနဲ့။        

သင် ၀မ်းနည်းသည်ဖြစ်စေ ၊ ဒေါသထွက်သည်ဖြစ်စေ ဖွင့်ဟပြောဆိုပစ်ပါ။ သင့်ခံစားချက်တွေကို ဖုံးဖိမထားပါနဲ့။ ပိုစိတ်ပင်ပန်း
ရပါလိမ့်မယ်။ သင့်ဒေါသတွေ ၊ စိုးရိမ်ပူပန်မှုတွေကို မျိုသိပ်မထားဘဲ ထုတ်ပြောလိုက်ခြင်းဖြင့် သင့်စိတ်တွေကို ပေါ့ပါးသွားစေမှာပါ။

၇။ အစားအသောက်ကို ဂရုစိုက်ပါ။        

သင်နေ့စဉ်မှီဝဲ စားသုံးနေတဲ့ အစားအစာကို ဂရုတစိုက်ရွေးချယ်စားသောက်ခြင်းဖြင့် သင့် ကျန်းမာရေးကို
စောင့်ရှောက်ပါ။ အသီးအရွက် များများစားသုံးပေးသင့်ပြီးရေလည်း လုံလုံလောက်လောက် သောက်ပေးသင့်ပါတယ်။



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment