Saturday, 23 April 2016

ဘဝနေဝင်ချိန်တွေကိုဂရုစိုက်ကြမယ်

နေ့တစ်နေ့ကို လှပတဲ့မနက်ခင်းလေးနဲ့ အစပြု ကြရပြီး  လွမ်းမောဖွယ်နေဝင်ချိန်လေးနဲ့အဆုံးသတ်ကြရပါတယ်။လှပတဲ့မနက်ခင်းလေးမှာ လူတွေဟာ လန်းဆန်းမှုတွေနဲ့ တစ်နေ့တာကိုအင်အားအပြည့် စတင်နိုင်ကြပေမယ့် ညနေနေဝင်ချိန်မှာ တော့ မောပန်းနွမ်းလျှစွာ တစ်နေ့တာလေးကို အဆုံးသတ်ကြရပါတယ်။ဒီသဘာဝတရားလိုဘဲ လူတွေမှာ မနက်ခင်းလေးလို နုပျိုလန်းဆန်းတဲ့အချိန်ရှိကြပြီး  ညနေနေဝင်ချိန်လေးလို အိုမင်းရင့်ရော်ချိန်ဆိုတာလည်း ကြုံတွေ့ကြရမှာဖြစ်ပါတယ်။ဒါဟာ မပြောင်းလဲတဲ့သဘာဝတရားဖြစ်တာကြောင့် နေထွက်ချိန်နေဝင်ချိန်ဆိုတာ အမြဲလည်ပတ်နေမှာဖြစ်သလို နုပျိုချိန်၊အိုမင်းချိန်ဆိုတာ အမြဲရှိနေမှာဖြစ်ပါတယ်။

ဒါပေမယ့်မိမိတို့ရဲ့ အရွယ်ဟာ အမြဲတမ်းနုပျိုနေမှာ မဟုတ်ဘဲ အိုမင်းရင့်ရော်ချိန်ဆိုတဲ့နေဝင်ချိန်ကာလကို ဖြတ်သန်းကြရအုံးမှာဆိုတာ မမေ့အပ်စရာပါ။ အိုမင်းလာတဲ့အချိန်မှာ အရာရာဟာ လေးလံထိုင်းမှိုင်းလာပြီး စိတ်သွားတိုင်းကိုယ်မပါနိုင်တော့ပြီ။ အဲဒီလိုအချိန်မျိုးမှာ ငယ်ရွယ်နုပျိုတဲ့ သား၊သမီး ၊မြေး၊မြစ်တို့ရဲ့အကူအညီကိုရယူပြီး ရှင်သန်ဖြတ်သန်းကြရပြီဖြစ်ပါတယ်။ သူတစ်ပါးအကူအညီပါမှ လှုပ်ရှားနိုင်တော့ကာ ဘဝရဲ့နေဝင်ချိန်လေးဟာ လူတစ်ယောက်အတွက် အင်အားဆုတ်ယုတ်ချိန်ဖြစ်ပါတယ်။

အိုမင်းလာတဲ့အချိန်မှာ အရင်လိုစိတ်တွေမလန်းဆန်းနိုင်တော့ဘဲ အထီးကျန်ဆန်မှုတွေ ပိုမိုခံစားကြရတယ်လို့ ဘိုးဘွားတွေကပြောဆိုလေ့ရှိကြပါတယ်။ မိသားစု အစောင့်အရှောက်နဲ့ ဝိုင်းရံနေတဲ့ဘိုးဘွားတွေအတွက် ဘဝရဲ့နေဝင်ချိန်ဟာ ကံကောင်းကြပေမယ့် မိသားစုအစောင့်အရှောက်နည်းပါးတဲ့ ဘိုးဘွားတွေ၊တွယ်ရာမဲ့ဘိုးဘွားတွေအတွက်ကတော့ ဘဝနေဝင်ချိန်လေးဟာ ခါးသီးပင်ပန်းလွန်းလှကြပါတယ်။

အသက်ကြီးလာတဲ့အချိန်မှာ မိသားစုတွေကလည်း အနီးအနားမှာ အချိန်မပေးနိုင်ဘဲ ကိုယ်စီတာဝန်တွေကို ထမ်းရွက်နေကြတော့  တစ်ကိုယ်တည်း အထီးကျန်ဆန်ပြီး ရှင်သန်နေကြရတဲ့ဘိုးဘွားတွေလည်းရှိကြပါတယ်။ ဒီလို ဘိုးဘွားတွေအတွက် သက်တူရွယ်တူ ဘိုးဘွားတွေနဲ့တွေ့ဆုံစကားပြောဆိုနိုင်ဖိုး ဖန်တီးပေးနိုင်ခြင်းဟာ ဘိုးဘွားတို့ရဲ့စိတ်ကို များစွာသက်သာရာရစေပါတယ်။

ဒါကြောင့်မိသားစုတွေထဲမှာ သက်ကြီး ဘိုးဘွားတို့ရှိနေခဲ့ရင် တစ်ကိုယ်တည်း မနေစေဘဲ သား၊သမီး၊မြေး၊မြစ်တို့က တတ်နိုင်သလောက် ဝိုင်းဝန်းပြု စုစောင့်ရှောက်နိုင်ခြင်းဟာ လူတစ်ယောက်ရဲ့ဘဝနေဝင်ချိန်ကိုလှပအောင် ကူညီရာရောက်စေပါတယ်။ဒါ့အပြင် ယနေ့ခေတ်ကာလမှာ တွယ်ရာမဲ့ဘိုးဘွားတွေကို  လူမှုကူညီစောင့်ရှောက်ရေးအသင်းတွေက ကူညီစောင့်ရှောက်ပေးနေကြတာကိုတွေ့မြင်ကြရပါတယ်။ အိမ်မှာ အထီးကျန်ဆန်နေသူဘိုးဘွားတွေအတွက်လည်း နေ့လည်နေ့ခင်းအချိန်တွေမှာ ဘိုးဘွားအချင်းချင်းတွေ့ဆုံစကားပြောဆိုနိုင်ဖို့နေ့ပိုင်းရိပ်သာတွေကိုလည်း ဖွင့်လှစ်ထားကြပါတယ်။

ရှင်သန်နေကြတဲ့ လူသားတွေမှာ အားနည်းသူကို အားကြီးသူတို့က ကူညီစောင့်ရှောက်ခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်ပါတယ်။သံသရာစက်ဝိုင်းဟာ အမြဲတမ်းလည်ပတ်နေရာ မိမိအားကြီးချိန်မှာ အားနည်းသူကို ကူညီဖေးမစောင့်ရှောက်နိုင်ခဲ့ခြင်း ဟာ မိမိအတွက် အားနည်းချိန်ကို ရောက်လာတဲ့အခါမှာ များစွာ အထောက်အကူဖြစ်စေနိုင်ပါတယ်။ နွေးထွေးတဲ့မေတ္တာစိတ်၊ ကိုယ်ချင်းစာနာစိတ်၊ နုပျိုမှု၊အိုမင်းမှု သဘာဝတရားကို နားလည်သဘောပေါက်ပြီး မိမိတို့ပတ်ဝန်းကျင် ရှိ သက်ကြီးဘိုးဘွားတို့အပေါ်တတ်နိုင်သလောက် ကူညီစောင့်ရှောက်ပေးခြင်းဟာ လည်း လောကကြီးကို အလှဆင်ခြင်းတစ်မျိုးဖြစ်ပါကြောင်းဖော်ပြပေး လိုက်ပါတယ်။


Credit – Yangon Life



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment