Monday, 30 May 2016

လူငယ်တွေသိစေချင်ပါတယ်



'လူငယ်တွေ သိစေချင်ပါတယ်'
ဒီနေ့ ကိစ္စတစ်ခုနဲ့ လေဆိပ်ကို ရောက်ဖြစ်ခဲ့ပါတယ်၊၊ အထဲမှာ ထိုင်စောင့်နေတုန်း ကောင်မလေးတစ်ယောက် ရောက်လာပြီး လေယာဉ်

လက်မှတ် Booking လုပ်လို့၊ လေယာဉ်ခရီးစဉ်တွေ ကြည့်လို့ရတဲ့

Application သွင်းပါလားလို့ပြောပြီး ကျနော့်ကို zapya ဖွင့်ခိုင်းတယ်၊ ဖုန်းလေးခဏ ပေးကိုင်ပါ ဆိုပြီး သူ့ Application ကို သွင်းသွားပါတယ်၊၊
 ပြီးတော့ ဘာမှမပြောတော့ဘဲ ဖုန်းပြန်ပေးပြီး လှည့်ထွက်သွားပါတယ်၊၊ ကျနော့်ဖုန်းထဲ application တခု ဝင်သွားတာပဲ အဖတ်တင်လိုက်တယ်၊၊

သူ့ရဲ့ ဆက်ဆံပုံကိုလည်း သဘောမတွေ့မိသလို၊ သွင်းပေးသွားတာလည်း ဘာမှန်းကို မသိလိုက်ဘူး၊၊

အဲဒီကောင်မလေးကို လှည့်ကြည့်လိုက်တော့ သူ့လိုပဲ အရောင်းမြှင့်တင်ရေးဝန်ထမ်းတွေလို့ ယူဆရတဲ့ ကောင်မလေးတွေနဲ့ ဖုန်းပွတ်ရင်း ရယ်မောနေကြတာ တွေ့ရတယ်၊ တချို့လည်း selfie ဆွဲလို့ပေါ့၊၊ ခဏတဖြုတ်အမြင်နဲ့ကို သူတို့ရဲ့ အလုပ်အပေါ်ထားတဲ့ လေးစားမှုက 
အားရစရာ မရှိပါဘူး၊၊

တကယ်တော့ ဒါက သိပ်ထူးဆန်းတဲ့ မြင်ကွင်းတော့လည်း မဟုတ်ပါဘူး၊၊ မကြာခဏ တွေ့တွေ့နေရပါတယ်၊၊ သူတို့စိတ်ထဲမှာ ငါ ဒီနေ့ ဖုန်းဘယ်နှလုံးကို application သွင်းပေးလိုက်ရင် ငါ့တာဝန်ကျေပြီ၊ ပြီးပြီ၊ ဒီလိုထင်တတ် ကြတယ်၊၊ အဲဒါကို အလုပ်ဖြစ်တယ် မှတ်နေကြတယ်၊၊ အမှန်တော့ အဲဒါ အလုပ်ဖြစ်တာ မဟုတ်ဘူး၊ ပြီးပြီးရော အလုပ်လုပ်နေကြတာသာ ဖြစ်ပါတယ်၊၊

ကျနော်တို့အဖွဲ့အစည်းမှာလည်း လူငယ်တွေရှိကြတယ်၊ သူတို့ကိုလည်း မကြာမကြာ ပြောရပါတယ်၊ အလုပ်တခုလုပ်ရင် ဖြစ်အောင်လုပ်တတ်ဖို့၊ ဘာလုပ်လုပ် result တခုခုထွက်ရမယ် ဆိုတဲ့စိတ်ထားပြီး အလုပ်လုပ်ကြဖို့ပါ၊၊

ကျနော်တို့တွေ သိပ်ပြောလေ့ရှိတာတစ်ခုက 'ငါတို့လည်း လုပ်တာပဲ မရတာတော့ ဘယ်တတ်နိုင်မလဲ' ဆိုတာပါပဲ၊၊ လုပ်ငန်းသိပ်မအောင်မြင် တဲ့ နေရာတွေသွားပြီး  ဘာကြောင့် ဒီလိုဖြစ်နေသလဲ ဖြေကြလို့ 

မေးလိုက်တဲ့အခါ တစ်ယောက်တစ်ခွန်း အဖြေတွေ ထွက်လာတယ်၊၊ အားလုံးနီးပါးကတော့ ဘယ်သူကြောင့် ဘယ်အဖွဲ့ကြောင့် 
ဆိုတဲ့ external factor တွေကိုပဲ ပြောနေကြတယ်၊ ကိုယ့်မှာ ဘာအားနည်းချက်ရှိသလဲ၊ ဘာတွေ မလုပ်ဖြစ်နေဘူးလဲ သုံးသပ်မိတဲ့လူက တော်တော်ရှားတယ်၊၊

ကွမ်းယာရောင်းရင်း ရွှေဆိုင်ပိုင်ရှင် ဖြစ်သွားတာ၊ အောက်ခြေဝန်ထမ်းဘဝက စခဲ့တာချင်းအတူတူ အချိန်တခုကြာလာတော့ တစ်ယောက်က 
အဆင့်မြင်မြင့် ရာထူးမျိုးထိ ရသွားတာ ဒါတွေဟာ အကြောင်းမဲ့သက်သက် မဟုတ်သလို၊ ကံကောင်းလို့လည်း မဟုတ်ပါဘူး၊၊

ဒါကြောင့် တိုးတက်ချင်ပါတယ် ဆိုတဲ့ လူငယ်တွေကို ပြောချင်တာကတော့

ဘာပဲလုပ်လုပ် အလုပ်ဖြစ်အောင် လုပ်ပါ၊၊ ပြီးပြီးရောလုပ်ရင် အလုပ်ရှင်ကမသိတောင် ကိုယ့်အနာဂတ်က သက်သေပြပါလိမ့်မယ်၊၊

အလုပ်ကို လေးစားပါ၊ ပရော်ဖက်ရှင်နယ် ပီသပါ၊၊
အလုပ်လုပ်တုန်း ဖုန်းပွတ်လို့ရပါတယ်၊ ဒါပေမယ့် ဖုန်းပွတ်တုန်းတော့ အလုပ်မလုပ်ပါနဲ့၊၊

ကိုယ်မအောင်မြင်တာကို ပတ်ဝန်းကျင်၊ ပံ့ပိုးမှုနဲ့ ဘေးလူတွေကိုပဲ လက်ညှိုးထိုးမနေပါနဲ့၊၊ ကိုယ့်အားနည်းချက်ကို မြင်အောင် ကြည့်ပါ၊၊
ကံဆိုတာ လူက လုပ်တာပါ၊၊
Credit: ဒေါက်တာဖြိုးသီဟ



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment