ဆောင်းပါးရှင်-အောင်ကိုဦး (UMK)
ဘ၀မှာအောင်မြင်ချင်တဲ့ သူတွေအတွက် Sociable လို့ဆိုတဲ့ ပေါင်းသင်းဆက်ဆံရေးဝင်ဆံ့ဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ခုပါ။ လုပ်အားစိုက်ထုတ်ရတဲ့ လုပ်ငန်းတွေကို အဆင်ပြေပြေ ဆောင်ရွက်နိုင်ဖို့ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ဖို့ လိုအပ်သလို လူမှုဆက်ဆံရေးအတွက် စိတ်က ကျန်းမာကြံခိုင်ဖို့လိုပါတယ်။ ကိုယ်ခန္ဓာ မကျန်းမာတာကတော့ နှာစေး၊ ချောင်းဆိုးစသည်ဖြင့် လက္ခဏာတွေပြရင် ဆရာဝန်နဲ့သွားပြ လို့ရတယ်၊ စိတ်မကျန်းမာတာကရော ဘယ်လိုလက္ခဏာတွေနဲ့ စစ်ဆေးကြမလဲ ...မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဟောကြားထား တာရှိပါတယ် ... အဲဒီအချက် (၈) ချက်လုံးနဲ့ တိုက်ဆိုင်နေပြီဆိုရင်တော့ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအခြေအနေ တော်တော်လေးညံ့နေပါပြီ၊ တော်တော်များများတိုက်ဆိုင်နေရင်လဲ အဆင်မပြေပါဘူး။ အဲဒါတွေကတော့ ..
၁။ သည်းခံကင်းကွာ
ထစ်ကနည်းရှိ၊ စိတ်တို...စိတ်ဆိုး ...စိတ်ကောက် ၊ ပြဿနာဖြစ်၊ ဘယ်အရာမဆို အသေးအဖွဲ့ ကိစ္စတွေကအစ စိတ်တိုတတ်တာ၊ ဥပမာ - စာရေးနေရင်း ဘောပင်ကမှင်မထွက်ဘူး ... အင့် အင့်ဆိုပြီး ဆောင့်ချလိုက်တာမျိုး ...၊ လမ်းသွားရင်း ခလုပ်တိုက်ရင် သစ် ငုတ်နဲ့ရန်ဖြစ်တာမျိုး၊ အဲဒီလို သေးသေးလေးလေးကိစ္စတွေက အကြီး ကြီးတွေဖြစ်ကုန်တတ်ပါတယ်၊ တချို့မှုခင်းသတင်းတွေ ဖတ်ကြည့်လိုက်ရင် ဘာမဟုတ်တဲ့ ကိစ္စလေးတွေက လူသတ်မှုတွေအထိ ဖြစ်ကြတာ သည်းခံကင်းကွာကြောင့်ပါ၊ သည်းခံမှုကင်းကွာနေပြီဆိုကတည်းက လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေး အဆင်ပြေဖို့ မလွယ်လှပါ။
၂။ ကြံကာကြောက်မှု
တစ်နည်းအားဖြင့် ပြောရရင်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းတာပါ … စစ်မရောက်ခင် မျှားကုန်တဲ့ သဘောပါ၊ ဘာမှမလုပ်ရသေးဘူး၊ ငါလုပ်လို့ဖြစ်ပါ့မလား၊ ငါလုပ်လိုက်ရင်တော့ တစ်ခုခုဖြစ်သွားမလား စသည်ဖြင့် အရာရာကို တွေးကြောက်နေတတ်ရင်လည်း ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအခြေအနေ ညံ့နေပါပြီ။
၃။ စွဲပြုကျိုးနည်း
လူငယ်တွေအများဆုံးကြုံတွေ့ရမယ့်ကိစ္စတစ် ခုလို့ယူဆပါတယ်၊ တစ်ခါတစ်ရံ သူငယ်ချင်းအပေါင်းအသင်း တွေနဲ့ စကားစမြည်ပြောရင်း ဆိုရင်းလူမှုရေးအရ လက်ဖက်ရည်ဆိုင်ထိုင်တာကိစ္စမရှိပေမယ့် နေ့စဉ်နဲ့အမျှ မသွားရမနေနိုင်လုပ်တာမျိုး၊ Facebook အပါအ၀င် အွန်လိုင်းပေါ်မှာ လိုအပ်တာထက်ပိုပြီးနေနေတာမျိုး၊ မိုဘိုင်းဂိမ်း၊ ကွန်ပျူတာဂိမ်း၊ အွန်လိုင်းဂိမ်းစတာတွေကိုလည်း အလွန်အကျွံဆော့နေတာမျိုးတွေကလည်း ကိုယ့်ရဲ့ စိတ်မကျန်းမာကြောင်း ပြသနေပါတယ်။ ဘာပဲလုပ်လုပ် စိတ်မကပ်တော့ဘဲ အဲဒီနေရာတွေမှာပဲ သာယာပြီး မျှောနေမယ်ဆိုရင် ပေါင်းသင်းဆက်ဆံရေး ဘယ်လိုမှအဆင်ပြေမှာ မဟုတ်ပါ။
၎။ လွန်လွဲတွေးသိ
ဒါကတော့ အတွေးမှားတာ၊ ယုံကြည်မှုအားနည်းတာပါ၊ သူများတွေတိုးတိုးနဲ့စကားပြောနေကြတာ ကိုယ့် အကြောင်းပါချင်မှလည်းပါ လိမ့်မယ်၊ ဒါပေမဲ့ ကိုယ့်စိတ်ထဲကတော့ “တွေ့မယ် ... ဒင်းတို့ ငါ့အကြောင်းတွေ ပြောနေကြတယ်” စသည်ဖြင့် စိတ်ထဲက ထင်နေတာပါ။ ဒီထက်ပိုကြီးကျယ်တဲ့ လုပ်ငန်းကိစ္စတွေမှာလည်း တစ်ဖက်သားပြောတာကတစ်မျိုး၊ ကိုယ်ကထင်နေတာက တစ်မျိုးဆိုရင် လုပ်ငန်းကိစ္စအ၀၀ကို အတူတူ ဆောင်ရွက် လုပ်ကိုင်ဖို့ မလွယ်လှပါ၊ ဒါကလည်း စိတ်မကျန်းမာ ခြင်းတစ်မျိုးပါပဲ။
၅။ သတိမေ့လျော့
သတိမေ့တာ စိတ်မကျန်းမာခြင်းတစ်မျိုးပါပဲ ... ၊ မေ့တယ်ဆိုတာ အာရုံမထားလို့ပါ၊ အားရုံထားရင် မေ့မှာမဟုတ်ပါဘူး၊ မျက်မှန် ဘယ်အနားထားမိမှန်းမသိဘူး ...ဟိုကိစ္စမေ့သွားတယ်၊ ဒါလေးမေ့နေပြန်ပြီ စတဲ့ အသေးအဖွဲ့ကိစ္စတွေ မေ့တာက သိပ်ကြီးပြဿနာမရှိပေမယ့် လုပ်ငန်းကိစ္စဆိုင်ရာတွေ ၊ ဘ၀နဲ့ဆိုင်တဲ့အရာ တွေ မေ့ရင်တော့ ပြဿနာရှိပါတယ်။ ဥပမာ ကျွန်တော်တို့ လူငယ်တွေ ရန်ကုန်မြို့တော်ကြီးဆီကို ဘာလုပ်ဖို့လာကြတာပါလဲ ... နိုင်ငံခြားကို ဘာလို့သွားနေကြတာပါလဲ ...ကိုယ့်ရဲ့ဘ၀တိုးတက်ရာ တိုးတက် ကြောင်းအတွက် ရေကြည်ရာ မြက်နုရာဆိုသလို ရွေ့ပြောင်းပြီးကြိုးစားဖို့လာကြတာပါ၊ အဓိကရည်ရွည် ချက်ကိုမေ့ပြီး တစ်နေ၀င်၊ တစ်နေထွက် ဘာမှမယ်မယ်ရရ မလုပ်ဖြစ်ဘဲ နေ့ရက်တွေ ကုန်ဆုံးသွားမယ်ဆိုရင် တော့ နောင်ဆယ်နှစ်ကြာသော အခါဆိုတာကို တွေးကြည့်လိုက်ပါ။
၆။ ပေါ့ဆထင်တွေး
အမှိုက်ကစ ပြဿဒ်မီးလောင်ဆိုသလို ပေါ့ပေါ့ဆဆတွေးတာဟာ နောင်မှာ များစွာသော ဆုံးရှုံးမှုတွေနဲ့ကြုံနိုင်ပါ တယ်။ မဖြစ်စလောက် လှေဝမ်းကအပေါက်ဟာရေလယ်ရောက်မှဒုက္ခရောက်နိုင်ပါတယ်။ စာရေးသူဟာ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံ၊ ဆရာကြီး/ဆရာမကြီးတွေဆီက မှတ်သားခဲ့ရတဲ့ စကားတွေ၊ ဖတ်ရှုမှတ်သား ခဲ့တဲ့ စာပေတွေကို စာသင်ရင်းအလျင်းသင့်သလို ပြောပြပါတယ်။ သူတို့ကြိုက်တဲ့ အဆိုတော်ရဲ့ သီချင်းကို အထပ်ထပ်အခါခါ နားထောင်နေပေမယ့် အဲဒီမှတ်သား စကားတွေကို ကြားရပါများတဲ့အခါ တချို့က ဆရာက အရမ်းပွားတာပဲလို့ တွေးနိုင်ပါတယ်။ အဲဒီလိုပေါ့ပေါ့ဆဆတွေးတတ်တာကလည်း စိတ်မကျန်းမာခြင်းတစ်မျိုး ပါပဲ။
၇။ မှိုင်ငေးတွေဝေ
စိတ်ပျံ့လွင့်တာများတဲ့အခါ ဘယ်သူဘာပြောပြောကြားချင်ကြား၊ မကြားချင်မကြားဖြစ်တတ်ပါတယ်၊ ဒါဟာ ကိုယ့်စိတ်ကို ကိုယ်မနိုင်တဲ့ စိတ်မကျန်းမာမှုတစ်မျိုးပါပဲ။ ဒီလိုမျိုးဖြစ်နေတဲ့ သူတစ်ယောက်ဟာ လူမှုဆက်ဆံရေးနယ်ပယ်မှာ ဘယ်လိုနည်းနဲ့မှ အဆင်ပြေမှာမဟုတ်ပါ။
၈။ ပျင်းရိချေ
ပျင်းတာကို စိတ်မကျန်းမာတာလို့ စာဖတ်သူများ ရုတ်တရက် ထင် မိမှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ပျင်းတာလည်း စိတ်မကျန်းမာခြင်း တစ်မျိုးပါပဲ။ ပျင်းပါများလာတဲ့အခါ ဖျင်းလာပါတယ်။ ဖျင်းတဲ့အဆင့်ရောက်ရင် သုံးလို့မရ တော့ပါဘူး ...အများနဲ့ ပူးပေါင်းလုပ်ကိုင်ရတဲ့အခါ ကိုယ်က ပျင်းပြီးတော့ ရေသာခို အချောင်လိုက်နေရင် လူတွေက ကိုယ်နဲ့ ပေါင်း သင်းဆက်ဆံချင်ကြမှာ မဟုတ်ပါဘူး ...။ ဖျင်းတဲ့ အဆင့်ရောက်ပြီ ဆိုရင်တော့ လူမှုဝန်းကျင်မှာ အသုံးမတည့်ဘဲ အပြင်ဖက်ရောက်သွား ပါလိမ့်မယ်။
စာဖတ်သူများ ဒီ (၈) ချက်မှာ ဘယ်နှစ်ချက်လောက် ပါဝင်နေလဲဆိုတာ ခုပဲစစ်ဆေးကြည့်လိုက်ပါ...
“သည်းခံကင်းကွာ ကြံကာကြောက်မှု
စွဲပြုကျိုးနည်း လွန်လွဲတွေးသိ
သတိမေ့လျော့ ပေါ့ဆထင်တွေး
မှိုင်ငေးတွေဝေ ပျင်းရိချေ
ရှစ်ထွေ စိတ်ရာဂါ”
Be The Best !
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment