Monday, 30 May 2016

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ၏လမ်းညွှန်မှုနှင့်အတူ





မေလ ၂၄ရက်နေ့ထုတ်ပြည်ထောင်စု နေ့စဉ်သတင်းစာမျက်နှာဖုံး တွင် ၂၃ ရက်နေ့က ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်သည် ရန်ကုန်တိုင်းဒေသကြီးပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ပါတီဝင်များအား တွေ့ဆုံအမှာစကားကို ဖတ်ရှုရပါသည်။
ပါတီဥက္ကဋ္ဌသည် မိမိပါတီ၏ အခြေ အနေမှန်၊ ဖြစ်ရပ်မှန်များကို မှန်မှန်ကန်ကန်၊ ပွင့်ပွင့်လင်းလင်း ပြန်လည်ဝေဖန်သုံးသပ်ပြောကြားခဲ့ပါသည်။ ထို့ပြင် ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ်တွင် ဖြစ် လေ့ဖြစ်ထရှိသည့် ပါတီများ၏အလှည့် အပြောင်းသဘာဝကို လည်းကောင်း၊ ပြည်သူတို့၏စိတ်အခံတွင် ဖြစ်ပေါ်မှုအရ ပါတီများအပေါ် ရွေးချယ်မှုများ၊ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပေါ် အခိုင်အမာ ထောက်ခံရပ်တည် လျက်ရှိသည့် ပြည်သူ့အင်အားအခြေအနေ များ၊ မိမိတို့ပါတီသည် 'လူ'ကောင်း 'မူ' ကောင်းဖြစ်အောင် ပါတီကအစဉ်ပြုစုပျိုး ထောင်လေ့ကျင့်ပေးမှုများ၊ မျိုးဆက်သစ် လူငယ်များကို ပါတီ၏ကောင်းမွေများ လက်ဆင့်ကမ်းပေးသွားနိုင်ရေးအတွက် ပါတီ၏ရေရှည်ရည်မှန်းချက်ထားရှိမှုများ ကို လမ်းညွှန်မှာကြားသွားပါသည်။ 
မိမိတို့ပါတီသည် မူဝါဒအရခိုင်မာ သောပါတီ၊ ရည်မှန်းချက်အရ ပြည်သူ နှင့် နိုင်ငံတော်၏အကျိုးစီးပွားကို အခြေခံ ထားသည်များကို လမ်းညွှန်မှာကြားသွား သည့်အပြင် ပါတီ၏ရည်မှန်းချက်ကိုပါ မီးမောင်းထိုးပြသွားပါသည်။
ထို့ပြင် ပါတီသည် စတင်ဖွဲ့စည်းစဉ် ကပင် အမျိုးသားရေးကို အခြေခံသော ပါတီဖြစ်သည်။ အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားနိုင်ငံတော်အဖြစ် ခိုင်မာစွာ တည်ဆောက်ရေးကိုအခြေခံထားသော ပါတီဖြစ်သည်။ ထို့ပြင် ပါတီသည် ပြည်သူထဲမှပေါက်ဖွားလာပြီး ပြည်သူကို အခြေခံထားသောပါတီဖြစ်သဖြင့် မိမိတာဝန်ယူစဉ် နိုင်ငံတော်တည်ဆောက် ရေးလုပ်ငန်းများကို ပြည်သူဗဟိုပြုဆောင်ရွက်ခဲ့သော ပါတီဖြစ်လေသည်။
ထို့ကြောင့် ပါတီ၏ဖွဲ့စည်းမှုသည် ဗဟိုအဆင့်မှစတင်၍ စနစ်တကျရှိသည့် ကျစ်လျစ်ခိုင်မာသော ဗဟိုအဆင့်ဆင့်ဖွဲ့ စည်းမှုရှိခဲ့သောပါတီဖြစ်သည်။ သို့သော် ပါတီဖွဲ့စည်းမှုသည် ပိုမိုကောင်းမွန်သော ဖွဲ့စည်းမှုကို ဝေဖန်ရေးနှင့် မိမိကိုယ်ကို ဝေဖန်ရေးပြုလုပ်ပြီး ပိုမိုကောင်းမွန်သော၊ ခိုင်မာသောပါတီဖွဲ့ စည်းမှုဖြစ်ပေါ်ရေး အတွက် အခြေခံမှစတင်၍ ပါတီဗဟို အထိ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ထောက်ပြလမ်းညွှန်မှုပေးသွားပါသည်။
ထို့ပြင် အနာဂတ်အချိန်အတွက် လူကောင်း၊ လူတော်၊ လူမှန်၊ နေရာမှန်ရွေး ချယ်တာဝန်ပေးနိုင်ရေး၊ တိုးချဲ့ဖွဲ့စည်းရေး နှင့်ပါတီဝင်များအတွက်အခြေခံအဆင့်မှ စတင်၍သင်တန်းများ၊လေ့ကျင့်ရေးစခန်း များကို ကျေးလက်ဒေသအရောက် ခေတ်မီနည်းပညာများသုံး၍ ဆက်လက် ဆောင်ရွက်သွားမည့်အစီအစဉ်များကို လည်း လမ်းညွှန်မှာကြားသွားပါသည်။

ပါတီသည် အနာဂတ်ရှိသောပါတီ ဖြစ်သည်။ ထို့ပြင် အနာဂတ်ခိုင်မာရေး အတွက် ရည်မှန်းချက်ရှိရှိ တည်ဆောက် ထားသောပါတီဖြစ်သည်။ ထို့ကြောင့် မျိုးဆက်သစ်လူငယ်များကို အစဉ်တစိုက် လေ့ကျင့် ပြုစုပျိုးထောင်လျက်ရှိသည်။ ဆက်လက်၍လည်း လေ့ကျင့် ပြုစုပျိုးထောင်မည်ကိုလည်း လမ်းညွှန်မှာ ကြားသွားပါသည်။
ယင်းသို့ လေ့ကျင့်ပြုစုပျိုးထောင်ပေး ရာတွင် ကျေးလက်ဒေသမှ တောင်သူ လယ်သမားများ၊ ကျေးလက်လူငယ်များ လုပ်ငန်းခွင်မပျက် Video Conferencing နည်းများကိုပင် ဖြစ်နိုင်သည့်နေရာများ တွင် သင်တန်းဖွင့်သည့်သဖွယ်ဖြစ်အောင် လေ့ကျင့်ခြင်းဖြင့် ပါတီ၏ခိုင်မာသော ပါတီဝင်များ၊ အမျိုးသားရေး၊ အမျိုးသား ရေးစိတ်ဓာတ်ရှင်သန်၊ထက်မြက်၊ခွန်အား ရှိနေအောင်စီစဉ်သွားမည်ဖြစ်ကြောင်းကို လည်း လမ်းညွှန်မှာကြားသွားပါသည်။
ပါတီများ၏သဘောသဘာဝအရ ပါတီဘက်ပြောင်းခြင်းဆိုသည်မှာ ပါတီ များတွေ့ကြုံရသည့်ဖြစ်စဉ်များဖြစ်ပေ သည်။ သို့သော် ပါတီစည်းလုံးညီညွတ် ရေး၊ ပါတီအပေါ်သစ္စာစောင့်သိရေးသည် ပါတီဝင်တစ်ဦးချင်း၏ ယုံကြည်ချက်နှင့် ခံယူချက်အပေါ် အခြေခံပေသည်။
မေလ၂၃ရက်နေ့ကပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်သည် ရန်ကုန်တိုင်းဒေသကြီးရှိ ပါတီများ အား တွေ့ဆုံမှာကြားခြင်း ဖြစ်သော်လည်း တကယ်ဆိုတော့ပါတီဝင်တစ်ရပ်လုံးအား ပြောကြားသည့် လမ်းညွှန် မှာကြားချက် ဖြစ်ပေသည်။ 
ထို့ပြင် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးအား ပါတီ၏နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအပေါ် ပါတီ၏အစစ်အမှန်၊ ကောင်းမြတ်သော သဘောထားအမှန်များကိုပါ သတင်း စကားပါး လိုက်ခြင်းလည်းဖြစ်ပေသည်။ ပါတီ၏ရပ်တည်ချက်အမှန်ကို အသိပေး လိုက်ခြင်းလည်းဖြစ်ပေသည်။
ထို့ကြောင့် ပါတီဝင်များအားလုံးအား ပါတီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များ ကို သိရှိနိုင်ရန်အတွက် အချို့အချက်များကို ထုတ်နုတ်၍ တင် လိုက်ပါသည်။
ပါတီဥက္ကဋ္ဌက ၂ဝ၁၅ ခု ရွေးကောက် ပွဲရလဒ်အပေါ် အောက်ပါအတိုင်း ရှုမြင် သုံးသပ်ပါသည်။ ''အကြောင်းတွေများ စွာရှိသော်လည်း အဓိကအကြောင်းက တော့ ကျွန်တော်တို့ပါတီအားနည်းချက် ကြောင့်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီ ဗဟိုက အားနည်းချက်တွေရှိသလို အောက်ခြေမှာလည်း အားနည်းချက်တွေ ရှိနေပါတယ်။ ဒီအားနည်းချက်တွေကို ကျွန်တော်တို့မှန်မှန်ကန်ကန်နဲ့ ပြန်လည် သုံးသပ်ပြီး ပါတီကို ပြန်လည်ပြုပြင်ကာ လာမယ့်ရွေးကောက်ပွဲမှာ ပြန်လည်အနိုင် ရအောင် ကျွန်တော်တို့ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရပါမယ်။''

ပါတီဥက္ကဋ္ဌ၏ ဝေဖန်သုံးသပ်ချက် သည် ပါတီအဖွဲ့အစည်းအဆင့်ဆင့် အတွက်သာမကပါတီဝင် တစ်ဦးချင်းအနေ ဖြင့်လည်း မိမိကိုယ်ကိုမိမိ ပြန်လည်သုံး သပ်ရမည့်အချက်ဖြစ်ပေသည်။
ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ်တွင် ပြည်သူလူထု၏အဆုံးအဖြတ်သည် ပဓာန လည်းကျသည်။ အဓိကလည်းဖြစ်ပေ သည်။ ပြည်သူဆိုသည်မှာစိတ်ခံစားချက် (Emotion) ဆိုသည်မှာ ရှိပါသည်။ ပြည်သူတချို့၏ Emotion ဆိုသည်မှာ လျင်မြန်စွာ ပြောင်းလဲတတ်ပါသည်။ အသေးအမွှားစိတ် ခံစားချက်လေးမျှကိုပင် တစ်မုဟုတ်ချင်း အဆုံးအဖြတ်ပေး တတ်သောသဘာဝရှိပါသည်။ စိတ်၏ သဘောသဘာဝအရ ဖြစ်လေ့ဖြစ်ထရှိ ခြင်းဖြစ်၍ အပြစ်တင်ရန်မဟုတ်သော်လည်း ပြည်သူတို့၏ယုံကြည်မှု၊ တွေး ခေါ်မြော်မြင်မှု၊ အမှန်တရားအပေါ် ရဲရင့် ပြတ်သားစွာရပ်တည်နိုင်မှုရှိအောင် တိုးချဲ့ စည်းရုံးထားရ မည်ဖြစ်သည်။
အပြောကောင်းခြင်း၊ အပြကောင်း ခြင်း၊ ဆွဲဆောင်မှုကောင်းခြင်းများသည် တစ်ဖက်အင်အားက သုံးလေ့သုံးတတ် သောသဘာဝရှိလေသည်။ တံလျှပ်ကို ရေထင်စေသော နည်းပရိယာယ်ဖြစ်ပေသည်။ အထူးသဖြင့် ရိုးသားသော ကျေးလက်ဒေသနေ ပြည်သူလူထုအပေါ် ဤ နည်းများသုံး၍ ဆွဲဆောင်သွားသည် လည်း ရှိတတ်ပေသည်။ ဤသည်မှာ သင်ခန်းစာပင်ဖြစ်သည်။
မြန်မာမှုနယ်ပယ်တွင် 'ပုဂ္ဂိုလ်ခင်မှ တရားမင်'ဆိုစကားကိုပါတီဝင်များသတိ ပြုရမည့်ဆိုရိုးစကားဖြစ်ပေသည်။ အထူး သဖြင့် ရိုးသားသော ကျေးလက်ဒေသနေ ပြည်သူများက ပို၍ဘဝင်ကျစေသော စကားဖြစ်ပါသည်။ ဆိုးတူကောင်းဖက် ဆိုသည်ကိုလည်း ပါတီဝင်များ သတိပြု သင့်ပေသည်။ 
ထို့အပြင် ပါတီဥက္ကဋ္ဌ လမ်းညွှန် စကားတွင် ''အကြောင်းတွေများစွာရှိ သော်လည်း''ဆိုသည်ကို ဒေသအလိုက်၊ ပတ်ဝန်းကျင်အလိုက် ''ဘာတွေလဲ''ဆိုသည်ကို လေ့လာဆန်းစစ်ရန်သင့်ပါသည်။ ''ပါတီပြန်လည်အနိုင် ရရှိဖို့အတွက် ကျွန်တော်တို့ပါတီရဲ့ အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေကို ပြန်လည်ပြုပြင်ရပါ မယ်။ လူတစ်ဦးချင်း၊ ပါတီဝင်တစ်ဦး ချင်းပြုပြင်ဖို့လိုအပ်သလို ဗဟိုကစပြီး အောက်ခြေအဖွဲ့အစည်းအထိ ပြုပြင်သင့် တာတွေကို ရဲရဲတင်းတင်းပြုပြင်ကြရမှာ ဖြစ်ပါတယ်။''
ဤလမ်းညွှန်ချက်သည် မလုပ်မဖြစ် လုပ်ရမည့်ကိစ္စဖြစ်ပါသည်။ ပါတီဝင် အချင်းချင်း အပြစ်ပြောခြင်း၊ အပုပ်ချခြင်း မဟုတ်ပါ။ အခြေခံက စတင်ရပါမည်။ တစ်ဦးချင်းကစတင်ရပါမည်။ ရပ်/ကျေး အလိုက်၊ မြို့နယ်အလိုက်အဆင့်ဆင့်လုပ် ရမည့်ကိစ္စဖြစ်သည်။ တစ်ဦးကိုတစ်ဦး ဝေဖန်အပုပ်ချ၊ လက်ညှိုးထိုးနေရန်မဟုတ် ပါ။ 'မိမိကသာ စတင်လိုက်ပါ'ဟု ပြော လိုပါသည်။
''ကိုယ့်ပါတီကို အမှန်တကယ် ချစ် မြတ်နိုးသူတွေ၊ ပါတီစည်းကမ်းကိုလိုက် နာသူတွေ၊ ပါတီလုပ်ငန်းတွေကို စည်း စည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ လုပ်ကိုင် သူတွေ၊ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် အခွင့်အရေးကို မျှော်ကိုးပြီး ဘက်မပြောင်းလိုသူတွေ၊ ပါတီအပေါ် နှစ်နှစ်ကာကာ သစ္စာရှိတဲ့သူတွေကို အခြေခံထားပြီး လူဟောင်း၊ လူသစ်၊ လူ ကောင်းလူတော်တွေနဲ့ အချိုးညီညီ ဖွဲ့စည်းဆောင်ရွက်ကြမှသာ ပါတီဟာ ဆက်လက်ရှင်သန်ပြီး ရေရှည်တည်တံ့ခိုင် မြဲတဲ့ ပါတီကြီးဖြစ်မယ်ဆိုတာ အားလုံး သဘောပေါက်လက်ခံ ယုံကြည်ကြမယ် လို့ မျှော်လင့်ပါတယ်။''



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment