Friday, 13 May 2016

Xiaomi ၏ တရားဝင်အာမခံပါဝင်သော Mi စမတ်ဖုန်းနှင့် Eco အီလက်ထရွန်းနစ် ထုတ်ကုန်များကို ပြည်တွင်း၌ စတင်ဖြန့်ချိ



တရုတ်နိုင်ငံ၏ နာမည်ကြီး စမတ်ဖုန်း အမှတ်တံဆိပ် တစ်ခုဖြစ်သည့် Xiaomi အမှတ်တံဆိပ် စမတ်ဖုန်းနှင့် Xiaomi Eco အီလက်ထရွန်းနစ် ထုတ်ကုန်များကို ပြည်တွင်း၌ တရားဝင်အာမခံဖြင့် ဝယ်ယူအသုံးပြုနိုင်ပြီ ဖြစ်ကြောင်း Xiaomi ၏ မြန်မာပြည် တစ်ဦးတည်းဖြန့်ချိခွင့်ရ ကိုယ်စားလှယ်ဖြစ်သည့် Strong Source Co., Ltd မှ သိရသည်။

Xiaomi ၏ တရားဝင်အာမခံပါဝင်သည့် စမတ်ဖုန်းများသည် Global Version အမျိုးအစားဖုန်းများ ဖြစ်ပြီး မြန်မာစာစနစ် တစ်ပါတည်း ပါဝင်မည်ဖြစ်ကြောင်းကို Strong Source Co.,Ltd မှ လက်ထောက်အထွေထွေမန်နေဂျာ ကိုသန့်ဇင်က "Mi Global Version ဖုန်းတွေကို ပြည်တွင်းမှာဝယ်ယူနိုင်ပါပြီ။ Global အလုံးတွေ ဖြစ်တဲ့အတွက် ဖုန်းမှာ တရုတ်စာတွေ မပါဝင်တော့ပါဘူး။ မြန်မာစာစနစ်လည်း တစ်ပါတည်း ပါဝင်မှာပါ" ဟု ပြောသည်။

Strong Source Co.,Ltd အနေဖြင့် လက်ရှိအချိန်တွင် Global ဗားရှင်း Mi စမတ်ဖုန်းမော်ဒယ် ၆ မျိုးနှင့်အတူ Mi Eco အီလက်ထရွန်းနစ် ထုတ်ကုန်များကိုပါ ပြည်တွင်း၌ ဖြန့်ချိသွားမည်ဖြစ်ပြီး Eco ထုတ်ကုန်များတွင် Mi တံဆိပ် နားကြပ်၊ လက်ပတ်၊ PowerBank၊ လေသန့်စင်စက်၊ ရေသန့်စင်စက်၊ စပီကာ၊ Mi Box 3 ၊ Smart ထမင်းပေါင်းအိုး၊ Mini Router ၊ Yi Action ကင်မရာနှင့် Sport ကင်မရာများ၊ Ninebot Mini စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

"အခုလက်ရှိ Official အလုံးတွေမှာ သုံးထားတဲ့ မြန်မာစာက Unicode မြန်မာစာစနစ်ပါ။ နောက်ပိုင်းမှာ ဇော်ဂျီကိုပါ တစ်ပါတည်း အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးသွားဖို့ ရှိပါတယ်။ ကျွန်တော်တို့ တင်သွင်းရောင်းချပေးသွားမယ့် Mi Phone တွေအတွက် Xiaomi ကနေ တရားဝင်ပေးမယ့် ၁ နှစ် အာမခံကိုလည်း အသုံးပြုသူတွေ ရရှိမှာပါ" ဟု Strong Source Co.,Ltd မှ executive Director ဦးမောင်မောင်က ပြောသည်။



Mi မှ တရားဝင်အာမခံပါဝင်သည့် ထုတ်ကုန်များကို Mi Home, Mi Corner များဖွင့်လှစ်၍ ရောင်းချပေးသွားမည်ဖြစ်ပြီး Sub Dealer ကြီးများမှတစ်ဆင့် မြန်မာတစ်ပြည်လုံးသို့လည်း ဖြန့်ချိပေးသွားမည်ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။

ရန်ကုန်မြို့အတွက် Mi Home များကို လသာလမ်း၊ ယုဇနပလာဇာ နှင့် ဘုန်းကြီးလမ်းတို့တွင် မေလ ၁၅ ရက်နေ့အတွင်း စတင်ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး Mi Corner များအနေဖြင့် ရန်ကုန် မြို့လှည်းတန်းရှိ Smart Talk မိုဘိုင်းဖုန်းအရောင်းဆိုင်နှင့် DoCoMo အရောင်းဆိုင်များတွင် စတင်ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်။ Mi Service Center ကိုမူ ရန်ကုန်မြို့ လသာလမ်းတွင် စတင်ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ရန်ကုန်အပြင် မန္တလေးနှင့် နေပြည်တော်မြို့ကြီးများတွင်လည်း ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

Xiaomi အမှတ်တံဆိပ် မိုဘိုင်းဖုန်းများနှင့် Xiaomi ECO ထုတ်ကုန်များအား မြန်မာနိုင်ငံ၌ တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တရားဝင်ဖြန့်ချိရောင်းချခွင့်ကို Strong Source Co.,Ltd မှ ရရှိခဲ့ကြောင်း စာနယ်ဇင်းရှင်းလင်းပွဲတစ်ခုအား ရန်ကုန်မြို့ အလံပြဘုရားလမ်းရှိ Park Royal ဟိုတယ်တွင် မေလ ၁၂ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲတွင် Xiaomi ထုတ်ကုန်များကိုပါ မိတ်ဆက်ပြသခဲ့သည်။

Tags: 

Mobile New



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment