ဒေါ်မိုးထက်ထက်ဂွက်ထော်၏သတင်းမှာ ကမ္ဘာအနှံ့သို့ ပျံ့နှံ့သွားလေသည်။
ရှိသမျှ မီဒီယာ အားလုံးမှ ထုတ်လွှင့်လိုက်သည့်အတွက် ဒေါ်မိုးထက်ထက်ဂွက်ထော်၏
ထူးဆန်းသောအစွမ်းအစကို တစ်ကမ္ဘာလုံး သိရှိသွားကြလေတော့သည်။
ကမ္ဘာ့နိုင်ငံအသီးသီးမှ အစိုးရအဖွဲ့များသည် ကိန်းဂဏန်းများကို ကွန်ပျူတာသုံးစရာ
မလိုဘဲ ဒိုးလိုမွှေရေလိုနှောက် တွက်ချက်နိုင်သည့် ဒေါ်မိုးထက်ထက်ဂွက်ထော်၏
အစွမ်းအစကို ထိတ်လန့်သွား ကြလေသည်။
အစိုးရအဖွဲ့များကိုယ်တိုင် ထိတ်လန့်ကြောက်ရွံ့ကုန်ခြင်းမှာ အကြောင်းရှိပါသည်။
ယခုကာလတွင် နိုင်ငံတိုင်း နိုင်ငံတိုင်းသည် အနုမြူလက်နက်များကို ပိုင်ဆိုင်ထား
ပြီးဖြစ်ကြ သည်။ မိမိတို့နိုင်ငံအား ထိပါးလာလျှင် အသုံးချနိုင်ရန် အသင့်ဆောင်ထား
ကြခြင်းဖြစ်ပါ၏။ အနုမြူ လက်နက်မှာ အလွန်အန္တရာယ်ကြီးမားသည့်အတွက်
လျှို့ဝှက်နက်နဲစွာဖြင့် သိမ်းဆည်းသိုဝှက်ထားရပါ သည်။ အနုမြူလက်နက်များ
မပေါက်ကွဲအောင် ကုတ်နံပါတ်များဖြင့် အထူးအရေးကြီး အဆင့်သတ်မှတ်
ကာ လျှို့ဝှက်ထားရှိရပါသည်။
ဒေါ်မိုးထက်ထက်ဂွက်ထော်သည် မည်သည့်လူသားမှ မတတ်ကျွမ်းသော
သင်္ချာအတွက်အချက် ပညာများကို တတ်ကျွမ်းနေလေရာ အနုမြူလက်နက်များ
၏ လျှို့ဝှက်နံပါတ်များကို တစ်ချိန်တွင် တွက် ချက်သိရှိသွားမည်ဟု မည်သူမျှ
အာမမခံနိုင်ချေ။ အနုမြူလက်နက် ကုတ်နံပါတ်များကိုသာ ရှာဖွေ ဖော်
ထုတ်နိုင်ပါက နိုင်ငံတစ်ခုတည်းမဟုတ်။ တစ်ကမ္ဘာလုံး ဒုက္ခကြုံတွေ့
သွားနိုင်ပေသည်။
ထိုကြောင့် ၎င်း၏အစိုးရက ဒေါ်မိုးထက်ထက်ဂွက်ထော်အား ဖမ်းချုပ်
ထိန်းသိမ်းလိုက်ရခြင်းဖြစ် လေသည်။
ဒေါ်မိုးထက်ထက်ဂွက်ထော်၏သတင်း ကမ္ဘာအနှံ့သို့ ပြန့်သွားသည့်အခါ
ကမ္ဘာ့နိုင်ငံကြီးများမှ အစိုးရများလည်း စိုးရိမ်သောက ရောက်ခဲ့ရပြန်လေသည်။
ထိုနိုင်ငံကြီးများ၏ စိုးရိမ်ပူပန်မှုမှာ တစ်မျိုး ဖြစ်သည်။ မဟာမိတ်နိုင်ငံအချင်းချင်း
ပူးပေါင်းစည်းရုံးကာ ဒေါ်မိုးထက်ထက်ဂွက်ထော်အား ရန်သူနိုင်ငံ များ၏
အနုမြူလက်နက်ကုတ်နံပါတ်များကို တွက်ချက်ဖော်ထုတ်စေပြီး မိမိတို့နိုင်ငံပိုင်
အနုမြူလက်နက် များကို ဖျက်ဆီးပစ်မှာ စိုးရိမ်ကြခြင်း ဖြစ်လေသည်။
ဤသို့ဖြင့် ၎င်းတို့၏ စိုးရိမ်ပူပန်ရသောအခြေအနေကို နိုင်ငံအချို့က
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး အား ဖိအားပေးတင်ပြခဲ့လေသည်။ ကမ္ဘာ့ကုလသမဂ္ဂ
အဖွဲ့ကြီးသည် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို အမြန်ဖွဲ့စည်းကာ
ဒေါ်မိုးထက်ထက်ဂွက်ထော်အား စစ်ဆေးလေတော့သည်။
ဒေါ်မိုးထက်ထက်ဂွက်ထော်ကလည်း သူမအား စုန်းအဖြစ် စွပ်စွဲထားသည့်
စွပ်စွဲချက်ကို ပျောက်ပျက်စေရန် သူမတတ်ကျွမ်းသောပညာကို စစ်ဆေးရေး
အဖွဲ့ရှေ့တွင် စစ်ဆေးခံခဲ့လေသည်။ သူမ၏အထင်မှာ သူမ တတ်ထားသော
ပညာရပ်ကို သာမန်အတွက်အချက်ပညာရပ်တစ်ခုအဖြစ် လက်ခံ သွားခြင်းဖြင့်
စုန်းအဖြစ်စွပ်စွဲထားမှုကို ပြန်လည်ရုတ်သိမ်းလိမ့်မည်ဟု ထင်နေရှာလေသည်။
တကယ်တမ်းတွင် ဒေါ်မိုးထက်ထက်ဂွက်ထော်၏ အတွက်အချက်ပညာများကို
အသေးစိတ် သိရှိလိုက်ရသော စုံစမ်းစစ်ဆေးရေးအဖွဲ့က သူမအား
ရှေးဟောင်းဂမ္ဘီရပညာ ကျွမ်းကျင်သော အဆင့် မြင့်စုန်းပညာရှင်တစ်
ယောက်အဖြစ် အတည်ပြုလိုက်ကြလေသည်။
“တစ်ပေရဲ့လေးပုံသုံးပုံဟာ အရှည်ဘယ်လောက်ရှိသလဲ”
“၁ ပေမှာ ၁၂ လက်မဆိုတော့ လေးပုံတစ်ပုံက ၁၂ ကို ၄ နဲ့ စား၊ ၃ လက်မရှိ
ပါတယ်။ လေးပုံသုံးပုံဆိုတော့ ၃ ကို ၃ နဲ့ထပ်မြှောက်ရမယ်။ ၃ x ၃ လီက ၉၊
တစ်ပေရဲ့လေးပုံသုံးပုံဟာ ကိုးလက်မရှိပါတယ်ရှင်”
ထိပ်တန်းနိုင်ငံအသီးသီးမှ လူမျိုးပေါင်းစုံပညာရှင်များပါဝင်သော
စစ်ဆေးအဖွဲ့လူကြီးများ အလုပ်ရှုပ်သွားကြသည်။ ဒေါ်မိုးထက်ထက်ဂွက်ထော်၏
အဖြေ ဟုတ်မဟုတ်ကို လက်တွေ့တိုင်းတာ ကြည့်ကြလေ၏။ သူတို့သည်
ပေတံတစ်ချောင်းကိုယူကာ လေးပိုင်းအညီအမျှ ပိုင်းလိုက်သည်။ ပေတံကို
တစ်ဝက်တိတိပိုင်း၊ ပိုင်းထားသောအစကို နောက်ထပ်တစ်ဝက်တိတိ
ထပ်ပိုင်းခြင်းဖြင့် လေးပုံတစ်ပုံ ၏အရှည် မည်မျှရှိသည်ကို သိလိုက်ကြ၏။
ထို့နောက် လေးပိုင်းပိုင်းထားသောအပိုင်းအစများထဲမှ သုံးပိုင်းကို ဆက်ကာ
အရှည်ကို တိုင်း ကြည့်ကြလေသည်။ အံ့ဩဖွယ်ကောင်းစွာပင်
ဒေါ်မိုးထက်ထက်ဂွက်ထော် နှုတ်တိုက်တွက်ပြလိုက်သည့် အတိုင်း ၉ လက်မ
ရှည်လျားသည်ကို တွေ့လိုက်ရလေ၏။
“မစ္စဂွက်ထော်ဟာ အလွန်တရာခက်ခဲနက်နဲတဲ့ တွက်နည်းတွေကို
အလွယ်တကူတွက်တတ် နေတာပဲ။ နောက်ထပ်ကော ဘာတွေများ
တတ်ကျွမ်းသေးလဲ”
“ကျွန်မ ရာခိုင်နှုန်းကိုလည်း တွက်တတ်တယ်ရှင့်”
“ရာခိုင်နှုန်းကို တွက်တတ်တယ်။ ဘုရားရေ၊ ဒါဖြင့် စစ်ပွဲတစ်ပွဲမှာ စစ်သား ၅၀၀
တိုက် ခိုက်ကြတယ်ဗျာ။ စစ်သား ၆၀ ကျဆုံးသွားတယ်ဆိုပါစို့။ ကျဆုံးသွားတဲ့
စစ်သားရာခိုင်နှုန်းဟာ ဘယ်လောက်ရှိမလဲ”
“၁၂%ပေါ့ရှင်”
ဒေါ်မိုးထက်ထက်ဂွက်ထော်က ချက်ချင်းအဖြေပေးလိုက်လေသည်။
စစ်ဆေးရေးအဖွဲ့ဝင်လူကြီးများ အလုပ်ရှုပ်သွားကြလေ၏။ အသီးသီး
ကိုယ်ပိုင်ကွန်ပျူတာများ ဖြင့် တွက်ချက်ကြလေတော့၏။ ရာခိုင်နှုန်းရှာသော
ပုစ္ဆာကို တွက်နေကြမဟုတ်၍ အတော်ကြာသွား ကြသည်။ ထွက်လာသော
အဖြေမှာ ဒေါ်မိုးထက်ထက်ဂွက်ထော် ပြောသည့်အတိုင်း ၁၂%ဖြစ်နေသည်။
“ခင်ဗျား ဘယ်လိုတွက်လိုက်တာလဲ မစ္စဂွက်ထော်”
“လွယ်ပါတယ်။ ရာခိုင်နှုန်းဆိုတာ ၁၀၀ ပေါ်မှာမူတည်ပြီး တွက်ရတာ
မဟုတ်လားရှင့်။ ၅၀၀ မှာ ၆၀ ကျဆုံးတယ်။ ၁၀၀ မှာကျဆုံးတဲ့
အရေအတွက်သိချင်တော့ ၆၀ ကို ၁၀၀ နဲ့ မြှောက်ပြီးမှ ၅၀၀ နဲ့
စားလိုက်တာလေ”
ဒေါ်မိုးထက်ထက်ဂွက်ထော်ပြောသည့်တွက်နည်းကို စစ်ဆေးရေးအဖွဲ့
ဝင်လူကြီးများ နားမလည် ကြချေ။ လိုက်မမီကြချေ။
“နောက်ထပ်ကော ခင်ဗျားဘာတွေတတ်သေးလဲ”
“ကျွန်မ နှစ်ထပ်ကိန်းရင်း ရှာတတ်တယ်ရှင့်”
စစ်ဆေးကြည့်ရာ ဒေါ်မိုးထက်ထက်ဂွက်ထော်သည် နှစ်ထပ်ကိန်း ရင်းကို
လည်း မှန်ကန်စွာနှင့် မြန်ဆန်စွာတွက်ချက်တတ်ကြောင်း တွေ့ရပြန်လေ
သည်။ ကိန်းပြည့်နောက်မှ ဒဿမများကိုပင် မှန်ကန် တိကျစွာ တွက်ပြခဲ့
လေသည်။
စစ်ဆေးရေးအဖွဲ့ဝင်လူကြီးများ ခေါင်းချင်းရိုက်သွားကြလေ၏။
ဒေါ်မိုးထက်ထက်ဂွက်ထော်အား ကမ္ဘာ့လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိ
သည့် ဦးနှောက်ပိုင် ရှင်တစ်ယောက်ဟု တညီတညွတ်တည်း သတ်မှတ်
ဆုံးဖြတ်လိုက်ကြလေသည်။
သို့ဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည် စုန်းအဖြစ် စွပ်စွဲခံရသော တရားခံ
ဒေါ်မိုးထက် ထက်ဂွက်ထော်အား သူမ၏မိခင်နိုင်ငံထံမှလွှဲယူကာ အပြည်
ပြည်ဆိုင်ရာတရားရုံးသို့ တရားစွဲဆိုတင်ပို့ လိုက်လေသည်။ တရားခံကိုလည်း
ပိုမိုတင်းကျပ်သော အစောင့်အရှောက်များဖြင့် ချုပ်နှောင်ထားလိုက် လေတော့၏။
-------------
ဆက်ပါဦးမည် ..............
Credit - ဆောင်းလုလင်
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment