သင့်ဘဝရဲ့ အရေးအကြီးဆုံး လူ (၃) မျိုး..
=============================
(၁) သင့်ရဲ့ ဝိညာဉ်ဖက်..
ဝိညာဉ်ဖက်ဆိုတာတော့ အလွယ်ပြောရရင်သင်နဲ့ ဖူးစာပါတဲ့သူတစ်ယောက် ပါပဲ။သင့်ရဲ့ ဖူးစာဘက်က ဘဝမှာ အရေးကြီးတဲ့စာရင်းထဲမှာ ပါဝင်ပါတယ်။ သူ့ရဲ့ကောင်းခြင်း၊ ဆိုးခြင်းတွေဟာ သင့်အပေါ်မှာ အများကြီးသက်ရောက် မှုတွေ ရှိနိုင်ပါတယ်။
သူဟာ သင့်ကိုပိုပြီး တောက်ပလာ နိုင်စေသလို၊ ထိုင်းမှိုင်းမှုတွေလည်း ဖြစ် လာစေနိုင်ပါတယ်။ တစ်ခုရှိတာက ဖူးစာဘက်ဆိုတာ သင်အချစ်ခဲ့ရဆုံး ချစ်သူ လည်း ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါပေမယ့် သူက သင်တစ်သက်လုံးလက်တွဲသွား ရမယ့်သူတစ်ယောက် ဖြစ်ပါတယ်။
(၂) သင့်ရဲ့ ကိုယ်ပွား..
သင့်ရဲ့ ကိုယ်ပွားဆိုတာတော့သင့်ရဲ့ စိတ်နဲ့ တစ်သားတည်းကျတဲ့သူမျိုးကို ဆိုလိုပါတယ်။ သူနဲ့ဆိုရင် သင့်အနေနဲ့ ဘာကိုမှ ဟန်ဆောင်နေစရာ မလိုသလို၊ ထိန်းသိမ်းနေစရာလည်း မလိုပါဘူး။ စိတ်ထဲရှိသလို ပျော်ရင် ပျော်တဲ့အတိုင်း၊ ဝမ်းနည်းရင် ဝမ်းနည်းတဲ့အတိုင်း နေနိုင်ပါတယ်။
သင့်ရဲ့ ကောင်းတဲ့အပိုင်းရော၊ မကောင်းတဲ့အပိုင်းကိုပါ သင့်ရဲ့ ကိုယ်ပွားက သိထားပြီး ဖြစ်သလို သင့်ရဲ့ စိတ်၊ အတွေးနဲ့ အပြုအမူတွေတိုင်းပေါ်မှာလည်း အလွတ်ရနေလောက်အောင် နားလည်သူတွေ ဖြစ်ပါတယ်။ သင့်ရဲ့ ကိုယ် ပွားတွေကတော့ အများအားဖြင့် သင့်ရဲ့ ချစ်သူ၊ အကောင်းဆုံးသူငယ်ချင်းတွေ နဲ့ မိသားစုဝင်တွေ ဖြစ်တတ်ပါတယ်။
(၃) သင့်ရဲ့ လမ်းပြကြယ်..
သင့်ဘဝကို ဦးဆောင်လမ်းပြပေးနိုင်တဲ့သူတွေပေါ့။ ကောင်းတဲ့အရာတွေကို ညွှန်ပြပေးနိုင်သလို၊ မကောင်းတဲ့အရာတွေကိုလည်း သတိပေးနိုင်တဲ့သူတွေ ဟာ သင်လိုအပ်နေတဲ့ ဘဝရဲ့ လမ်းပြကြယ်တွေပါ။
ဘဝမှာ လမ်းတွေ ပျောက်တယ်လို့ ခံစားရတဲ့အခါတိုင်းမှာလည်း သင့်စိတ်တွေ ကို ပြန်လည်တည့်မတ်ပေးပါလိမ့်မယ်။အကြံ ဥာဏ်ကောင်းတွေ ပေးနိုင်သလို၊ သင့်ရဲ့ ဆန္ဒစိတ်ကူးတွေကိုနားလည်ပေးနိုင် တဲ့သူတွေ ဖြစ်ပါတယ်။လမ်းပြ ကြယ်တွေ ကတော့ မိဘတွေ၊ သက်ဝါကြီးတဲ့ ဆရာသမားတွေ၊ တစ်ခါ တစ်လေမှာတော့ မိတ်ဆွေတွေ ဖြစ်တတ်ပါတယ်။
ရံဖန်ရံခါမှာတော့ ကိုယ့်ထက် အသက်၊ဝါ ငယ်တဲ့သူတွေကိုကြည့်ရင်း ကိုယ်လျှောက် ရမယ့်လမ်းတွေ ရှာဖွေတွေ့ရှိသွားတာမျိုးတွေ ရှိတတ်ပါတယ်။ ထူးဆန်းတာတစ်ခုက လမ်းပြကြယ်တွေဟာ ကိုယ့်အနီးအနားကလူတွေ ဖြစ် နိုင်သလို၊ ကိုယ်နဲ့အပြင်မှာ မဆုံဖူးတဲ့သူတွေလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ - ဘီလ်ဂိတ်ကို အားကျတဲ့သူအတွက် ဘီလ်ဂိတ်က ဘဝရဲ့လမ်းပြကြယ် ဖြစ်နေ တာမျိုးတွေပေါ့။
ဒီ လူသုံးမျိုးဟာ သင့်ဘဝအပေါ်မှာ သက်ရောက်မှုအများကြီး ရှိပါတယ်။ သူတို့ရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေဟာ သင့်ကိုလည်း ကောင်းခြင်း၊ ဆိုးခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဖူးစာဘက် မှားယွင်းသွားလို့ ဘဝမှာ အကြီးအကျယ် ထိခိုက်နစ်နာတာမျိုးတွေ ရှိတတ်ပါတယ်။
မိတ်ဆွေကောင်းမရှိလို့လည်း ဘဝမှာ တိုးတက်မှုတွေ မဖြစ်နိုင်ပါဘူး။ အတုယုရမယ့် လမ်းပြကြယ် မှားသွားရင်လည်း ဘဝလမ်းကြောင်းတွေ တိမ်းစောင်းသွားတတ်ပါတယ်။
ဒီတော့ သင့်ဘဝရဲ့ အရေးကြီးတဲ့သူတွေကို သေချာကို သတိပြုရမှာဖြစ်သလို သူတို့တွေဟာ သင့်အပေါ်ကောင်းတဲ့သူတွေဆိုရင်တော့လျစ်လျူမရှုမိဖို့ ပြော ပါရစေ။ အားလုံး အောင်မြင်ပျော်ရွှင်တဲ့ဘဝများ ကိုယ်စီ ပိုင်ဆိုင်နိုင်ပါစေ။
ရွှေညာမောင် (Focus Youth)
Credit>>>ရွှေညာမောင် - Shwe Nyar Maung
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment