Sunday, 17 July 2016

ဗိုလ်ချုပ်အောင်ဆန်း၏အရည်အချင်းများ







၁=မောင်အောင်ဆန်းသည် ၁၉၃၂-တွင် တက္ကသိုလ်သို့ရောက်၏။ထိုစဉ်က သူ့အသက် ၁၇ နှစ်သာ ရှိသေး၏။၂။ အသက် ၂၀ အရွယ်တွင် ကျောင်းသားသမဂ္ဂမှထုတ်ဝေသော အိုးဝေမဂ္ဂဇင်း၏ တာဝန်ခံ အဖြစ် ဆောင်ရွက်ခဲ့၏။၃။ ၁၉၃၆ ခုနှစ် အသက် ၂၁ နှစ်အရွယ်တွင် ကျောင်းသား သပိတ်ကြီး၏ခေါင်းဆောင်အဖြစ် ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့၏။၎။ အသက် ၂၂ နှစ်အရွယ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်း၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရ၏။၅။ အသက် ၂၃ နှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာ (သခင်)အစည်းအရုံး၌ အထွေထွေ အတွင်းရေးမှူး ဖြစ်လာ၏။၆။သာယာဝတီ ညီလာခံ၌ ဗြိတိသျှအစိုးရကို လက်နက်ဖြင့် တော်လှန်ပုန်ကန်ရန် အစီအစဉ်များ ရေးဆွဲပေးခဲ့စဉ်ကသူ၏အသက်မှာ ၂၅ နှစ်သာရှိသေး၏။(ထိုစဉ်သူ၏ရဲဘော် ရဲဘက်များက သူ၏လက်နက်ကိုင် ပုန်ကန်တော်လှန်ရေး အစီအစဉ်များကို လုပ်လို့ ဖြစ်ပါ့ မလား -- လက်နက် ဘယ်ကရမှာမို့လဲ စသည်ဖြင့် သံသယရှိကြ၏။ မောင်အောင်ဆန်းသည်ခေါင်းဆောင်ပီပီ မိမိလုပ်ငန်း၌ တွေဝေခြင်းမရှိ စိတ်အား လျော့တတ်ခြင်းမရှိ “ ဓားပြဂိုဏ်း တွေတောင်မှ လက်နက်ရအောင် ရှာနိုင်သေးတာကျုပ်တို့ကောဘာဖြစ်လို့ လက်နက်မရှာ နိုင်ရမှာလဲ ”ဟု တွေဝေနေသော သူ၏ ရဲဘော်များကို ပြန်ပြောခဲ့၏။)၇။ အသက် ၂၅ နှစ်သာသာတွင် လက်နက်ကိုင်တော်လှန် ပုန်ကန်ရေးအတွက် နိုင်ငံခြား အကူအညီ ရနိုင်ရန် မြန်မာပြည်မှ တိတ်တဆိတ်ထွက်ခွာသွားခဲ့၏။၈။ ဗြိတိသျှတို့ကို တိုက်ခိုက်ရန် “ ဗမာ့လွတ်လပ်ရေး တပ်မတော် ” ကို ဖွဲ့စည်းကာစစ်ဦးစီးဗိုလ်ချုပ်အဖြစ် ခေါင်းဆောင် ကွပ်ကဲ၍ မြန်မာပြည်တွင်း ချီတက်လာချိန်မှာ သူ့အသက်ကား ၂၆ နှစ်အရွယ်ပင် ရှိသေး၏။၉။အသက် ၃၀-အရွယ်တွင် ဖက်ဆစ်ဂျပန်များကို ဦးဆောင်မှုပြု၍တိုက်ခိုက် ခဲ့သည်။ မြန်မာနိုင်ငံရေး လောကတွင် မကြုံစဘူးသော အမျိုးသားညီညွတ်ရေး တပ်ဦးဖြစ်သည့် ဖဆပလအဖွဲ့ချုပ်ကြီးကိုတောင့်တင်းကြီးမားအောင် တည်ဆောက် စည်းရုံးခဲ့၏။၁၀။ အသက် ၃၁ နှစ်အရွယ်တွင် သူတိုင်းပြည် လွတ်လပ်ရေးအတွက် နိုင်ငံရေး နယ်ပယ်တွင် ကမ္ဘာ့ဝါရင့် နိုင်ငံရေး သမားကြီးများဖြစ်သော ဗြိတိသျှ အစိုးရအဖွဲ့ ဗြိတိသျှဘုရင်ခံတို့နှင့် ဥာဏ်ကစားလျက် နိုင်ငံရေး ဆွေးနွေးနိုင်ခဲ့ ပြောဆို နိုင်ခဲ့၏။၁၁။ ဗြိတိသျှတို့နှင့် အကြိတ် အနယ်အင်အားပြိုင် အရေးဆိုပြောကြားပြီးနောက် “ တစ်နှစ် အတွင်း လုံးဝလွတ်လပ်ရေးရရမယ် ” ဟု ကြုံးဝါးကတိပေးခဲ့စဉ်က အသက်မှာ ၃၂ နှစ်သာ ရှိသေး၏။၁၂။ သူ့အသက် ၃၂-နှစ်တွင် ပထမဆုံး တိုင်းပြုပြည်ပြု လွတ်တော်ခေါ်ယူ ကျင်းပပြီးလျှင် လွတ်လပ်သော သမ္မတမြန်မာနိုင်ငံကို စတင်အုတ်မြစ်ချပေးခဲ့၏။၁၃။ သူ့အသက် ၃၃ နှစ်တွင် လွတ်လပ်ရေး ဗိမာန်ကြီးကို အုတ်မြစ်ချ တည်ဆောက်ပေးပြီး မသမာသူများ၏ လုပ်ကြံမှုဖြင့် ကျဆုံးသွားရလေ၏။ဤအသက်အပိုင်းမျှဖြင့် သူလုပ်သွားခဲ့သော ဆောင်ရွက်ခဲ့သော လုပ်ငန်းများကို ကြည့်၍ အောင်ဆန်းသည် ဘယ်လိုလူဖြစ်သည် ဘယ်လို ပညာထက်မြက်ခဲ့သည်၊ ဘယ်လို ဆရာသမားတွေက နိုင်ငံရေး၊ ပညာရေး မျက်စိဖွင့်ပေးခဲ့သည်ဆိုသည်တို့ကို အတုယူလိုက်နာ သင့်ပေသည်။

မောင်လွင်ဟိန်းကို

Myawady News-မျှဝေလိုက်ပါသည်။


Credit : မောင်စိုးပိုင်



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment