Thursday, 21 July 2016

ရဲနှင့် စစ်ဘက်ဆိုင်ရာအမှုထမ်းများ တာဝန်ချိန်တွင် Pokemon Go ဂိမ်းမကစားကြရန် အင်ဒိုနီးရှားထုတ်ပြန်



အင်ဒိုနီးရှားနိုင်ငံတွင် တာဝန်ချိန်တွင် Pokemon Go ဂိမ်းကစားသည့် ရဲနှင့် စစ်တပ်အမှုထမ်းများကို ရာထူးမှထုတ်ပယ်နိုင်သည့် ဥပဒေတစ်ရပ် ထုတ်ပြန်ခဲ့သည်။

“အရာရှိတွေအနေနဲ့ ဂိမ်းကို စွဲလမ်းပြီး ပြည်သူတွေအတွက် လုပ်ရမယ့် အလုပ်တွေ မေ့သွားမှာကို စိတ်ပူမိပါတယ်။ ဒီလိုအလုပ်မျိုးမှာ ကြိုးစားမှုနဲ့ အာရုံစူးစိုက်မှု လိုအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အခြားရည်ရွယ်ချက်အတွက် Pokemon Go ကို အသုံးပြုနေတာတွေကိုလည်း သတိရှိသင့်ပါတယ်” ဟုရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရာလီအေမာက ဥပဒေထုတ်ပြန်စဉ်တွင် ပြောကြားခဲ့သည်။

ထို့အပြင် အေမာသည် စစ်သွေးကြွတိုက်ခိုက်မှုများကို ပြောကြားခဲ့ပြီး ယခုလအစောပိုင်းတွင် ဆိုလိုမြို့ရှိ ရဲစခန်း၌ အသေခံဗုံးခွဲမှုကို ဥပမာပေး၍ ပြောဆိုခဲ့သည်။

အဆိုပါဥပဒေသည် လုံခြုံရေးထူထပ်သည့်နေရာများတွင် တာဝန်ကျနေသည့် စစ်တပ်အဖွဲ့ဝင်များတွင်လည်း သက်ရောက်မှုရှိကြောင်း စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ တာတန်ဆူလေမန်က AFP သို့ပြောကြားခဲ့သည်။ အင်ဒိုနီးရှားရေတပ်အမှုထမ်းများကိုလည်း Pokemon Go ဂိမ်းကစားခွင့် ပိတ်ပင်ထားကြောင်း ရေတပ်အကြီးအကဲ အာဒီဆူပန်ဒီက ပြောကြားခဲ့သည်။

“လုံခြုံရေး အကြောင်းကိစ္စတွေကြောင့် တားမြစ်ရတာဖြစ်ပါတယ်။ Pokemon Go ဂိမ်းမှာ GPS နဲ့ video streaming အပြင် တည်နေရာ အသေးစိတ်အချက်အလက်ကို ဖော်ပြပေးနေပါတယ်” ဟု အင်ဒိုနီးရှားသတင်းဝက်ဘ်ဆိုက် Viva ထံပြောကြားခဲ့သည်။

Pokemon Go ဖြင့် လျှို့ဝှက်စောင့်ကြည့်ရေး လုပ်ဆောင်ချက်များစွာ ပြုလုပ်နိုင်ကြောင်း အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ရာမီဇာတ်ရာကူဒုက အလေးပေးပြောဆိုခဲ့သည်။

“လျှို့ဝှက်စောင့်ကြည့်မှုဟာ မတူညီတဲ့ ပုံစံမျိုးနဲ့ လာတတ်ပါတယ်။ ပထမတော့ Pokemon Go ဂိမ်းဟာချစ်စရာကောင်းပါလိမ့်မယ်။ အချိန်ကြာလာတာနဲ့အမျှ ဒါဟာမမှန်တော့ပါဘူး” ဟု ၎င်းကပြောကြားသွားခဲ့သည်။

Ref: DW
Credit-Internet Journal



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment